တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုခဲ့သည့် တနင်္သာရီဂျာနယ် အယူခံအမှု ကို မေလ ၃ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် တရားသူကြီး ဒေါ်ခင်နှင်းထွဋ်က ဆိုသည်။
တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် မဲဆွယ်အပြုံးသရော်စာကြောင့် တိုင်းအစိုးရက တရားစွဲဆိုခဲ့ပြီး ထားဝယ်မြို့နယ် တရားရုံးက တနင်္သာရီဂျာနယ်တွင်အပြစ် ရှိသည်ဟုဆိုကာ ဒဏ်ငွေ ကျပ် ၅ သိန်း ပေးဆောင်ရန် ဖေဖော်ဝါရီလ ၁၈ ရက်က အမိန့်ချခဲ့သည်။
ယင်းကြောင့် တနင်္သာရီဂျာနယ်ဘက်မှ ထားဝယ်ခရိုင်တရားရုံးထံ မတ်လ ၁၃ ရက်က အယူခံတင်သွင်းခဲ့သည်။
တနင်္သာရီဂျာနယ်ဘက်မှ အယူခံ တင်သွင်းမှုနှင့် ပတ်သက်၍ ဧပြီလ ၁၉ ရက်က ခရိုင်တရားရုံးတွင် နှစ်ဖက်အပြီး သတ် လျှောက်လဲခဲ့ကြသည်။
“မေလ ၃ ရက်ကို ပြန်ချိန်းလိုက် တယ်။ အယူခံအမှုနဲ့ ပတ်သက်ပြီး အပြီးသတ် အမိန့်ချမယ်”ဟု ခရိုင်တရားသူကြီး ဒေါ်ခင်နှင်းထွဋ်က ပြောသည်။
သရော်စာကို သတင်းရေးသားရာတွင် လိုက်နာရမည့် ဥပဒေ ပုဒ်မဖြစ်သည့် သတင်းမီဒီယာဥပဒေ ၉ (ဆ)ဖြင့် အရေး ယူခဲ့ခြင်းမှာ ဥပဒေအရ မှားယွင်းနေသည်ဟူသည့် လျှောက်လဲချက် အပါအ၀င် အဓိကအချက် ၈ ချက်ကို လျှောက်လဲခဲ့ ကြောင်း တနင်္သာရီဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။
သတင်းမီဒီယာဥပဒေ ၉ (ဆ) တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ်္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေး ကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည်ဟု ဖော်ပြထားသည်။
“အကောင်းဆုံးနဲ့ အမျှတဆုံးကိုတော့ မျှော်လင့်ထားတယ်”ဟု ဦးအောင်ဇာနည်စိုး က ပြောသည်။
တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး သရော်စာသည် တနင်္သာရီတိုင်း ၀န်ကြီးချုပ်(ဟောင်း) ဒေါက်တာလဲ့လဲ့မော်နှင့် တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက်္ခာ ကို ထိခိုက်စေသည်ဟုဆိုကာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက တရားစွဲဆိုခဲ့သည်။
လက်ရှိတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်(ဟောင်း) ဒေါက်တာလဲ့လဲ့မော် ကို အဂတိလိုက်စားသည်ဟုဆိုကာ ထောင်ဒဏ် ၁၅ နှစ်စီ ကျခံရနိုင်သည့် အဂတိအမှု တရားစွဲဆိုထားပြီး ထားဝယ် အကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။
Dawei Watch