တနင်္သာရီဝန်ကြီးချုပ်ဟောင်း အာမခံလျှောက်ထားမှု တိုင်းတရားသူကြီး ပယ်ချ

0
1115
ဓာတ်ပုံ - ဝေယံစိုး

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံနေရသည့် တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အာမခံပေးရန် လျှောက်ထားမှုအပေါ် တရားသူကြီးက ပယ်ချလိုက်သည်။

ယင်းအမှု၏ စတုတ္ထကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဧပြီလ ၂၂ ရက်ရုံးချိန်း တွင် တနင်္သာရီတိုင်းဒေသကြီး တရားသူကြီး ဦးခင်မောင်မောင်က အာမခံလျှောက်ထား မှုကို အထက်ပါအတိုင်း အမိန့်ချလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော်အနေဖြင့် ထားဝယ်အကျဉ်းထောင်အတွင်း လုံခြုံစွာရှိနေခြင်း၊ ၎င်းအားစွဲဆိုထားသည့် အမှုသည် အထူးဥပဒေဖြစ်သည့် အဂတိ ဥပဒေဖြင့် တရားစွဲဆိုသည့်အမှုဖြစ်ခြင်း၊ ယင်းအမှုသည် အာမခံမပေးနိုင်သည့် အမှုဖြစ်ခြင်း အစရှိသည့် အကြောင်းများကြောင့် အာမခံမပေးခဲ့ကြောင်း တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

“အမှုကို စတင်မစစ်ဆေးရသေးတဲ့ အခြေအနေကြောင့် အချုပ်လွတ်ထုချေခွင့် ပြုဖို့မသင့်ဘူးဆိုပြီး သုံးသပ်ပြီးတော့ အချုပ်လွတ်ထုချေခွင့်ပြုဖို့ လျှောက်ထား ခြင်း(အာမခံ)ကို ပယ်ခဲ့တာပဲ ဖြစ်တယ်”ဟု ဒေါ်အေးအေးသန်းက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် အမျိုးသမီးတစ်ဦးဖြစ် ခြင်း၊ ကင်ဆာရောဂါ အပါအ၀င် အခြား ရောဂါများ ခံစားနေရခြင်း အစရှိသည့် အကြောင်းများကြောင့် အချုပ်လွတ် ထုချေခွင့်(အာမခံ)ပေးရန် ၎င်းကိုယ်တိုင် နှင့် ၎င်း၏အကျိုးဆောင်ရှေ့နေများက လျှောက်ထားခဲ့ကြသည်။

အာမခံမပေးဘဲ ပယ်ချလိုက်သည့် အမိန့်ကို ကျေနပ်မှုမရှိပါက ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုတရားလွှတ် တော်ချုပ်ထံ အာမခံပေးရန် (အထွေထွေအမှု) ထပ်မံလျှောက်ထားနိုင်ကြောင်း ၎င်းက ပြောသည်။

တရားလွှတ်တော်ချုပ်ထံ အာမခံ လျှောက်/ မလျှောက်မှာ အမှုသည်၏ ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ဒေါက်တာလဲ့လဲ့မော်၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသက်စိုးအောင်က ဆိုသည်။

“တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံတယ်၊ ဒီအပေါ်မှာ ဘာမှ ဝေဖန်မှုမရှိဘူး”ဟု ဦးသက်စိုးအောင်က ပြောသည်။

ဒေါက်တာလဲ့လဲ့မော် အပါအ၀င် GGS ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့ကို  အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေဖြင့် မတ်လ ၂၅ ရက်တွင် စတင် တရားစွဲဆိုခဲ့သည်။

ဧပြီလ ၂၂ ရုံးချိန်းတွင် အာမခံပေး/ မပေး အမိန့်ချခဲ့သည့်အပြင် တရားလိုဖြစ် သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းကို စတင်စစ်ဆေးခဲ့ပြီး ၎င်းက သက်သေခံ စာရွက်စာတမ်းများကို တရားရုံးထံ တင်သွင်းခဲ့သည်။

လာမည့်ရုံးချိန်းကို မေလ ၆ ရက်တွင် ပြန်လည်ချိန်းဆိုထားပြီး တရားလိုကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ဒေါ်အေးအေးသန်းက ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများ ပါဝင်သည်။

GGS ကုမ္ပဏီတာဝန်ရှိသူများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားပြီးဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ဒေါ်အေးအေးသန်းက ဆိုသည်။

GGS ကုမ္ပဏီတာဝန်ရှိသူများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားသည်။

 ကိုဇော်