ဇာတိမြေတွင် ဧည့်သည် မဖြစ်ချင်

0
855
ဓာတ်ပုံ - ဝေယံစိုး

သင်္ကြန်တစ်နှစ် လွန်ခဲ့လေပြီ။

သင်္ကြန်တွင် မိသားစုရှိရာ၊ မိမိဆွေမျိုးသားချင်း များ၊ မိတ်ဆွေသူငယ်ချင်းများရှိရာ မိမိဇာတိသို့ ခေတ်္တ ပြန်လာကြသူများ မိမိတာဝန်ကျရာ၊ အသက်မွေးဝမ်းကြောင်း စီးပွားရှာရာ ရပ်ဝေးဌာနဆီသို့ ပြန်ကြလေပြီ။

သင်္ကြန်တွင် ဇာတိမြေ၌ သူတို့တတွေ မျှော်လင့်ထားသမျှ ပျော်ခွင့် ကြည်နူးခွင့် ရခဲ့ကြပါလေစ။

သင်္ကြန်တွင် ဇာတိ ခဏပြန်ကြမည့်သူတိုင်းက မိမိဇာတိ ပြန်ရောက်လျှင် ဘယ်အရာတွေကို ဘယ်သူတွေနှင့် လုပ်ဆောင်မည်၊ ဘယ်နေရာတွေကို ဘယ်သူတွေနှင့် သွားမည် စသဖြင့် စိတ်ကူးထား၊ အားခဲထား၊ ကြိုတင်တွေးတော ရင်ခုန်ကြပြီးသား ဖြစ်ကြသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် လောင်းလုံးမြို့နယ် ကဒက်ငယ်ဆိပ်ရွာသား အသက် ၃၁ အရွယ် ကိုမင်းမင်းဦးသည်လည်း အများနည်းတူ ကြိုစိတ်ကူး ထားသည်မှာ သင်္ကြန် ရွာပြန်လျှင် ရွာမှသူငယ်ချင်းများ နှင့်အတူ မိမိတို့ရွာနှင့် အလှမ်းနီးလှပြီး အွန်လိုင်းတွင် နာမည်ကျော်ကြားရေပန်းစားနေသော ဖိုးဖိုးကျောက် ကမ်းခြေကဲ့သို့သော ကမ်းခြေများသို့ သူငယ်ချင်းတွေ စုသွားကြမည်ဟု ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အတူလုပ်ကိုင်ကြသည့် သူငယ်ချင်း များနှင့်လည်း ယင်းသို့ တိုင်ပင်ထားကြပြီးနောက် ဇာတိမြေပြန်ရောက်သောအခါ သွားလည်ဖြစ်ပါသည်။

သို့သော် တချို့ကိစ္စများက ယခင် အခင်းအကျင်း နှင့် မတူတော့ပေ။

ထိုထက်ပိုဆိုးသည်မှာ သူ့အား သူငယ်ချင်းများ က ဧည့်သည်ကဲ့သို့ ဆက်ဆံကြခြင်း ဖြစ်လေသည်။

“ရောက်ခါစက ထားဝယ်မြို့ကို သွားရမှာတောင် နည်းနည်းရှိန်နေတယ်။ သူငယ်ချင်းတွေက ထားဝယ် သွားရင် မော်တော်ပီကယ် ဖမ်းခံရမယ်နော်။ တစ်လမ်းမောင်း တွေရှိနေတယ်ဆိုတော့။ မသွားရဲ တော့ဘူး။ အရင်က တစ်လမ်းမောင်းက ရှိမှမရှိသေးတာ”ဟု ကိုမင်းမင်းဦးက ဆိုသည်။

“စိတ်မကောင်းဘူးပေါ့ဗျာ။ ကျွန်တော်တို့ရွာမှာ နာရေးကူညီမှုအသင်းတို့၊ လူပျိုအပျိုအသင်းတွေဆိုရင် နင်ကရွာကို ခဏလာတဲ့ သူပဲ။ လာတုန်းလေး ရပ်ရွာကိစ္စတွေ လိုက်လုပ်ပေးလို့ ပြောကြတာ။ သူတို့စိတ်ထဲမှာ ကိုယ်က ဧည့်သည်ပဲ ဖြစ်နေတယ်ပေါ့နော်”ဟု ကိုမင်းမင်းဦးက ဖွင့်ဟသည်။

ကိုမင်းမင်းဦးတစ်ယောက်တည်းသာ ထိုသို့ ဆက်ဆံခံရသည် မဟုတ်ပါ။

ရပ်ဝေးမြေခြားမှ ဇာတိမြေ ခေတ္တ ပြန်လာသူ အားလုံးနည်းပါးက ကိုမင်းမင်းဦးကဲ့သို့ပင် အနည်းနှင့် အများ ဆက်ဆံခံရသည် ချည်းသာ ဖြစ်ပါသည်။

ရပ်ရေးရွာရေးကိစ္စများ ပြောဆိုတိုင်ပင်ကြလျှင် ရပ်ဝေးမှ ခဏပြန်လာသူက ထဲထဲဝင်ဝင် လက်သီး လက်မောင်းတန်းကာ ၀င်ရောက်ဆွေးနွေးဖို့ မဖြစ်နိုင် ကြပါ။ ဖယ်ကျဉ်ထားသည် မဟုတ်သည့်တိုင် သူတို့သည် အချိန်တန်လျှင် အလုပ်ခွင်သို့ပြန်ကြမည့် ဇာတိရွာကို ခေတ္တလာသည့် ဧည့်သည်များအဖြစ် အားလုံးက သတ်မှတ် ဆက်ဆံပြောဆိုကြသည်ချည်းသာ ဖြစ်ပါ သည်။

“ဧည့်သည်လိုမျိုး ဆက်ဆံခံရတဲ့အပြုအမူမျိုး တစ်ခါတစ်ရံတွေ့ရတဲ့အခါမျိုးဆိုရင်တော့ စိတ်ထဲ မကောင်းဘူး။ ကိုယ်က ပြန်ပြောလိုက်တော့လည်း သူတို့အနေနဲ့ ဆင်ခြင်လိုက်တာမျိုး ရှိပါတယ်။ သူတို့တမင်တကာ ရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ဘူးလို့လည်း ကိုယ်က နားလည်မိတယ်”” ဟု ထိုင်းနိုင်ငံ မဟာချိုင်ကနေ ဇာတိမြေ မြိတ်မြို့သို့ သင်္ကြန်တွင် ခေတ္တ ပြန်လာသည့် အသက် ၃၂ နှစ်ရှိ ကိုသက်ပိုင်က ပြောသည်။

တချို့ကမူ မိမိဇာတိ ခေတ္တပြန်ချိန်တွင် အရာအားလုံးက သူစိမ်းပြင်ပြင်။

ယခုနှစ်သင်္ကြန်တွင် မွန်ပြည်နယ် ဇာတိရွာသို့ ပြန်ဖြစ်သည်ဆိုသော ကော့သောင်းမြို့ အောင်သုခ ရပ်ကွက်နေ အသက် ၅၀ အရွယ် ဦးမျိုးဝင်းသည်လည်း ရွာတွင် မိမိမည်သူမည်ဝါပါဟု ပြန်မိတ်ဆက်နေရ ကြောင်း ပြောပါသည်။

“ငယ်ငယ်ကသူငယ်ချင်းတွေလည်း တစ်ယောက် နှစ်ယောက်ပဲ ရှိတော့တယ်၊ အရာအားလုံးက စိမ်းသလို ဖြစ်နေတယ်၊ ဆွေမျိုးတွေကလွဲပြီး ကျန်တာအသစ်လို ခံစားရတယ်”

သင်္ကြန်တွင် ဇာတိရွာ ခေတ်္တပြန်ချိန် ဦးမျိုးဝင်း ကဲ့သို့ကြုံတွေ့ရသူ များစွာ ရှိပါလိမ့်မည်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးဖြင့် ရပ်ဝေးတွင် အခြေချနေထိုင် ကြသည့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းတို့၏ ဇာတိပြန်ခရီးသည် ပို၍ ဧည့်သည်ကြီး ဆန်နေတတ် လေသည်။

“ကိုယ် ငယ်ငယ်က ကစားခဲ့တဲ့နေရာမှာ ကိုယ့်ကို သိပ်မသိကြတော့ဘူး”ဟု ဦးမျိုးဝင်းက ဆိုလေသည်။     ။

တနင်္သာရီသတင်းအဖွဲ့