အလျင်လို၍ မရောက် ဖြစ်ရသည်

0
81

အခါကြီးရက်ကြီးနေ့ ရောက်လာမှာကို ကြောက်တယ်။ အထိမ်းအမှတ်နေ့တွေ ရောက်လာမှာကို ကြောက်တယ်။ ပွဲတော် ရက်တွေ ရောက်လာမှာကို ကြောက်တယ်။ ကိုယ့်အတွက် နည်းနည်းပါသလို လူငယ် လေးတွေအတွက်က ပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့တွေဟာ လူသတ် တဲ့နေ့တွေလို ဖြစ်လာတယ်။ ကိုယ့်သေတွင်း ကိုယ်တူးသလိုမျိုးကို ဖြစ်နေကြတာ။ ကျန်တဲ့နေ့တွေလည်း ယာဉ်မတော် တဆ ဖြစ်လို့ သေကြတာပါပဲ။ ဒါပေမယ့် အခါကြီး ရက်ကြီးတွေ၊ ပွဲတော်တွေရှိတဲ့ နေ့တွေ အစရှိတဲ့နေ့တွေဆို နည်းနည်းပို များသလား လို့ပါ။ အဲဒီနေ့တွေဆို အရေးပေါ်လူနာတင် ယာဉ်တွေရဲ့ အသံတွေ ခပ်စိပ်စိပ်ကြားရတယ်။ နာရေး ကူညီမှုအသင်းတွေ အလုပ်ပိုများတယ်။ ရဲတွေလည်း အလုပ်ပိုရှုပ်ကြရတယ်။ မမြင်ချင်တဲ့ မြင်ကွင်းတွေကို ရင်နာနာနဲ့ပဲ ကြည့်ကြရတယ်။ ကရုဏာသက်စွာ စိတ်မကောင်းခြင်းကြီးစွာနှင့် ကြည့် ကြရတယ်။ တစ်ချို့ကတော့ ညည်းညူ အပြစ်တင်ရင်းပေါ့။

လူတွေဟာ သေနေ့ကျရင် သေကြရ တာပါပဲ။ သူ့နေ့ကျရင် ရှောင်လွှဲလို့မရ ပါဘူး။ ဒါကို ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် နည်းနည်းများ စောနေသလား သံသယဖြစ်လာမိတယ်။ အထူးသဖြင့် ဥပစေ်္ဆဒကကံနဲ့ သေနေကြရတဲ့သူ အများစုဟာ လူငယ်တွေ။ အများဆုံးက အမျိုးသားတွေ။ အသက်အားဖြင့် ၁၅-၂၀ ၀န်းကျင်လေးတွေ။ တကယ်နှမြောဖို့ ကောင်းတယ်။ အရွယ်ကောင်းတုန်းမှာ ကြွေလွင့်သွားကြရတယ်။ မိသားစု အတွက် နစ်နာသလို နိုင်ငံ့အတွက်လည်း လူသားအရင်းအမြစ် ဆုံးရှုံးရပါတယ်။

ခက်တာက သူတို့ဟာ ကိုယ်မဟုတ်တော့ ဘာမှမတတ်နိုင်။ ကိုယ့်အလှည့် စောစောမရောက်ဖို့ပဲ ဆုတောင်းနေရ တယ်။ သတိကြီးကြီးထားနေရတယ်။ ဒါပေမယ့် ကံတရားကို ကြိုမမြင်နိုင်တော့ စိတ်ပူနေရတယ်။ ကိုယ်ကမှန်ပေမယ့် သူကမမှန်ရင်လည်း ကိုယ်ပါအဆစ် ပါသွားနိုင်တယ်။ ကိုယ်က ယာဉ်စည်း ကမ်း လမ်းစည်းကမ်း လိုက်နာပေမဲ့ မလိုက်နာတဲ့သူနဲ့ တွေ့ရင် အောင့်သက် သက်နဲ့ခံရမှာ။ အထူးသဖြင့် မီးပွိုင့်တွေ မှာ ပိုသတိထားရတယ်။ မီးနီဖြတ်မောင်းတဲ့ သူတွေ၊ မီးဝါလုမောင်းတဲ့သူတွေ။ တစ်ချို့ကလည်း မီးစိမ်းတော့မယ့် စက္ကန့်ပိုင်းလေးကို မစောင့်နိုင်တဲ့သူတွေ ယာဉ်မတော်တဆ ဖြစ်ကြတာပါပဲ။ ယာဉ်ကြော နားမလည်တဲ့သူတွေနဲ့တွေ့ရင် ပိုပြီးတော့ စိတ်ကသိကအောင့် ဖြစ်ရတယ်။ သေရမှာ ကြောက်လို့တော့မဟုတ်။ လူ့လောကထဲက ထွက်ခွာဖို့ ဘာမှမထုပ်ပိုး မပြင်ဆင်ရ သေးလို့။ ဒါန၊ သီလ၊ ဘာဝနာ တရားတွေ နည်းနေသေးလို့။ သေရင် အပါယ်တံခါး မပိတ်မှာ စိုးရိမ်နေရတယ်။

ချစ်သူများနေ့ညက ကားနဲ့ဆိုင် ကယ်တိုက်မိတဲ့လူငယ်လေးနှစ်ဦး တစ်ဦးက နေရာမှာတင် ပွဲချင်းပြီးသွား တယ်။ နောက်တစ်ယောက်ကတော့ ဆေးရုံရောက်ပြီးမှ ဆုံးသွားတယ်။ အဲဒီ လူငယ်လေးနှစ်ဦးထဲက တစ်ဦးက ကျွန်တော့် ဘော်ဒါမှာ ကျောင်းဖွင့်စ တစ်လနီးပါး လောက်နေပြီးတော့ မပျော်လို့ဆိုပြီး ရွာပြန်သွားတယ်။ ကိုးတန်းကျောင်းသား လေးပါ။ အခုတော့ လူ့လောကကြီး ကတောင် သူ့အတွက် ပျော်ဖို့မကောင်း တော့လို့လားမသိ သေရွာကို အပြီးအပိုင် ကူးသွားလေရဲ့။ စိတ်ထဲမကောင်း ဖြစ်ရတယ်။ တွေ့ဆုံခွင့်ရတဲ့အချိန်က တိုတောင်းပေမယ့် အခုလိုမျိုးဖြစ် သွားတော့ ပိုပြီးစိတ်ထိခိုက်ရတယ်။ သူတို့ဖြစ်တာ ၁၅ရက်နေ့ မနက် ၃နာရီ လောက်ထင်ပါတယ်။ အဲဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် လာသွားတဲ့နေ့။ တိုက်ဆိုင်တယ်ပဲ ပြောရမလား။ အဲဒီနေ့ က ဒေါ်အောင်ဆန်းစုကြည် ထားဝယ် ပြည်သူ့ဆေးရုံကြီးကို ရောက်သွားသေး တယ်။

ထားဝယ်မြို့တော်ခန်းမမှာလုပ်တဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထားဝယ်ပြည်သူ့ဆေးရုံအုပ်ကြီးရဲ့စကား ကို ကိုးကား ပြောဆိုသွားတာလေး ရှိတယ်။ ဆိုင်ကယ် မတော်တဆဖြစ်တဲ့လူနာတွေ မှာ ဦးထုပ်မဆောင်းတဲ့လူနာ ၈၀ရာခိုင် နှုန်းလောက်က အသက်ကယ်လို့ မမီဘူး လို့။ အဲဒီလိုပြောသွားတာက သောကြာနေ့။ စနေတစ်ရက်ခြားပြီး တနင်္ဂနွေမနက် လည်း ရောက်ရော ကျန်းမာရေးလမ်းမှာ လူငယ်လေးတစ်ဦး ကားကြီးနဲ့ကားငယ် ရှောင်နေတဲ့ကြား ၀င်ဖြတ်မောင်းတော့ ကားငယ်နဲ့ငြိပြီး ကားကြီးဘီးအောက် ခေါင်းဝင်သွားပါလေရော။ ဦးထုပ် ဆောင်းမထားတော့ ဖရဲသီး ကားတက်နင်း သလို ဖြစ်သွားပါတော့တယ်။ အသက်က ၁၇နှစ်တဲ့။ ယာဉ်မောင်းလိုင်စင်တော့ မရှိလောက်သေး။ မိဘများအနေနဲ့ ကိုယ့်သားသမီးတွေကို ၁၈နှစ်မပြည့် သေးရင် ဆိုင်ကယ်ပေးမစီးသင့်ဘူးလို့ပဲ ပြောချင်ပါတယ်။ ဒီလိုမှ မဟုတ်လျှင် တော့ ကိုယ့်ရင်သွေးကို ကိုယ်သတ်သလိုပဲ ဖြစ်နေတော့မှာပါ။

ကျွန်တော်အခုလိုမျိုး သိုင်းဝိုင်းချဲ့ ထွင်ပြီး ရေးနေရတာက အကြောင်းရှိလို့ ပါ။ ယာဉ်မတော်တဆ ဖြစ်ရခြင်းအကြောင်း အရင်း လေးခုရှိတယ်လို့ ဖတ်မှတ်ရဖူးပါ တယ်။

(၁)  ယာဉ်ကြောင့်။

(၂) လမ်း ကြောင့်။

(၃) ရာသီဥတုကြောင့်။

(၄) လူကြောင့် ပါ။

အဲဒီအနက်က နောက်ဆုံးတစ်ခု ဖြစ်တဲ့ လူကြောင့် ဖြစ်တာကတော့ ရာခိုင်နှုန်းအများဆုံးပါ။ ယာဉ်မဆင်မခြင် မောင်းလို့၊ အရက်သောက်ပြီးမောင်းလို့၊ ဖုန်းပြောရင်းမောင်းလို့ စသည်ဖြင့် လူကြောင့် ဖြစ်ရတဲ့ ယာဉ်မတော်တဆ ဖြစ်မှုက ရာခိုင်နှုန်းအများဆုံးပါ။

တစ်ချို့က ဒေါသကြောင့် ဖြစ်ရတာ လည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်လောက် က ထားဝယ်က ဆရာဝန်ကြီးတစ်ဦး ရှေ့က မြွေလိမ်မြွေကောက် မောင်းသွား တဲ့ ဆိုင်ကယ်ကို စိတ်ဆိုး ဒေါသထွက်ပြီး ကားနဲ့လိုက်တိုက်ရင်း အရှိန်မထိန်းနိုင် လို့ သုံးဘီးဆိုင်ကယ်နဲ့ လမ်းဘေးမှာ ရပ်နေကြတဲ့ နိုင်ငံခြားသားတွေကို ၀င်တိုက် မိတဲ့ဖြစ်စဉ်ကို အားလုံး အမှတ်ရကြမှာ ပါ။ အဲဒီလိုဖြစ်ရတာဟာ ဒေါသကြောင့် ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။

ယာဉ်မောင်းတဲ့ချိန် အရှိန်များလွန်း လျှင်လည်း ယာဉ်မတော်တဆဖြစ်တတ်ပါ တယ်။ အရှိန်မထိန်းနိုင်လို့ ဓာတ်တိုင်နဲ့ ၀င်တိုက်မိသူတွေ၊ လမ်းဘေးထိုးကျတဲ့ သူတွေ၊ တစ်ခြားယာဉ်ကြောက ယာဉ် တွေကို ၀င်တိုက်မိတာတွေ ခဏခဏ ဖြစ်ကြရပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာလို့ ဖြစ်တာ ကလည်း အတိုင်းအတာ တစ်ခုအထိ တော့ ရှိနေမှာပါ။

ဆိုတော့ကာ ကျွန်တော်တို့အနေ ဖြင့် လူ့သက်တမ်းစေ့ နေသွားချင်လျှင် တော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တွေကို လိုက်နာကြဖို့ လိုပါမယ်။ အဓိကကတော့ အရေးတကြီးမဟုတ် လျှင်၊ အမြန်မလိုလျှင် မလိုအပ်ဘဲနဲ့ အရှိန် ပြင်းပြင်းမမောင်းပါနဲ့။ အရှိန်လျှော့ မောင်းပါ။ ကျွန်တော်တို့တစ်တွေရဲ့ ဒေါသကို လျှော့ကြပါ။ ဒါဆို ဘေးကင်း ကြမှာပါ။ အလျင်လိုလွန်းပြီး မရောက် ဘဲ ဖြစ်မှာ စိုးလို့ပါ။           ။

သန်းဇော်ဦး(ရလိုင်)