ကော့သောင်းလျှပ်စစ်ကိစ္စ တိုင်းလွှတ်တော်ကော်မတီ ကွင်းဆင်းစစ်ဆေးမည်

0
623

ကော့သောင်းမြို့နယ် လျှပ်စစ်ကိစ္စကို သက်ဆိုင်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ တိုင်းလျှပ်စစ်ဌာနနှင့် သက်ဆိုင်သည့် ကုမ္ပဏီများကို တိုင်းလွှတ်တော်က ခေါ်ယူ ကြားနာပြီးဖြစ်သော်လည်း အဖြေမထွက် သေးသဖြင့် တိုင်းလွှတ်တော်၏ ရေးရာကော်မတီက ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ထံမှ သိရသည်။

ယခင်က ကော့သောင်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခဲ့သည့် Green Power Myanmar ကုမ္ပဏီက လက်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည့် ပါချန်ကော့သောင်း ဒေသလုံးဆိုင်ရာ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးနှင့် အထွေ ထွေ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်ဆိုင်သော ကုမ်္ပဏီ(KDDPC) ကို တိုင်ကြားထား သည်။

Green Power Myanmar ကုမ္ပဏီပိုင် လျှပ်စစ်မီးကြိုး၊ မီးတိုင် စသည့် လျှပ်စစ်ပစ္စည်းများကို KDDPC ကုမ္ပဏီ က ယူသုံးနေသည်ဟုဆိုကာ တိုင်းလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူများ၏ တိုင်ကြားစာ၊ အသနာခံစာဆိုင်ရာ ကော်မတီ ကို တိုင်ကြားထားခြင်း ဖြစ်သည်။

ယင်းကဲ့တိုင်ကြားမှုကြောင့် ယခင် တိုင်းလျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဖြစ်သည့် ဦးကြည်လှိုင်၊ တိုင်းလျှပ်စစ်ဌာန၊ Green Power Myanmar ကုမ္ပဏီတို့ကို တိုင်းလွှတ်တော်က မတ်လ ပထမအပတ်တွင် ခေါ်ယူကာကြားနာခဲ့ သည်။

ယင်းကဲ့သို့ခေါ်ယူကြားနာရာ တိုင်းလျှပ်စစ်ဌာနက Green Power Myanmar ပိုင် မီးတိုင်၊ မီးကြိုးများအားလုံး ဖြုတ်သိမ်း ထားပြီးဖြစ်ပြီး ထရမ်စဖော်မာတစ်လုံးသာ ဖြုတ်သိမ်းရန် ကျန်တော့ကြောင်း လွှတ် တော်တွင် လာရောက်ရှင်းလင်းခဲ့ကြောင်း ဦးခင်မောင်အေးက ပြောသည်။

ယင်းကဲ့သို့ပြောကြားမှုကို မြေပြင် တွင် အမှန်တကယ် လုပ်ဆောင်မှုရှိ/မရှိကို တိုင်းလွှတ်တော် အစိုးရ၏ အာမခံချက် များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံစာ ဆိုင်ရာ ကော်မတီကို သင်္ကြန်အပြီးတွင် ကွင်းဆင်းစစ်ဆေးစေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခု ဒီကိစ္စက အဖြေမှန်မသိရသေး ဘူးပေါ့။ ကွင်းဆင်းစစ်ဆေးပြီး အဖြေမှန် ကို ရှာရမှာ။ အဖြေတစ်ခုခုရပြီဆိုမှ တိုင်း အစိုးရကို အစီရင်ခံစာပို့လို့ရမှာ”ဟု ၎င်းက ဆိုသည်။

ကျော်သူစိုး