ယတြာချေပေးမည်ဟုဆိုကာ စိတ်ကျန်းမာရေးမကောင်းသည့် ဆယ်ကျော်သက်အား မုဒိမ်းကျင့်

0
928

ယတြာချေပေးမည်ဟုဆိုကာ စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးအား အသက် ခုနှစ်ဆယ်ကျော်အရွယ် ဗေဒင်ဆရာက မုဒိမ်းကျင့်ခဲ့ကြောင်း ထားဝယ်အမျိုးသမီး သမဂ္ဂထံမှ သိရသည်။

ရေဖြူမြို့နယ်၊ ထွက်ဝကျေးရွာတွင် မတ်လ နောက်ဆုံးအပတ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မုဒိမ်းကျင့်ခံရသည့် မိန်းကလေးအား ကူညီပေးနေသည့် ထားဝယ်အမျိုး သမီးသမဂ္ဂထံမှ သိရသည်။

အစ်ကိုဖြစ်သူ၏ ဖုန်းပျောက်သော ကြောင့် တစ်ရွာတည်းနေသည့် ဗေဒင်ဆရာထံ သွားမေးခဲ့ရာ ယတြာချေပေးမည် ဟုဆိုကာ ရော်ဘာတောထဲခေါ်ဆောင်မုဒိမ်း ကျင့်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်အမျိုး သမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်မာလာက ပြောသည်။

အဆိုပါ ဗေဒင်ဆရာသည် ယခင်ကလည်း သူမအား သုံးကြိမ်ခန့် မုဒိမ်း ကျင့်ခဲ့ဖူးသည်ဟု အဆိုပါမိန်းကလေးငယ်က ပတ်ဝန်းကျင်ရှိလူများကို ပြောပြချိန်မှ သိခဲ့ရသည်ဟု ဒေါ်မာလာက ဆိုသည်။

“ဒီလိုဖြစ်နေတာကို သူ့အမေတောင် မသိဘူး။ အခုဖြစ်လို့ ပတ်ဝန်းကျင်က ပြောတော့မှ သူ့အမေက သိရတာလို့ ပြောတယ်” ဒေါ်မာလာက ဆိုသည်။။

ယင်းသို့ မုဒိမ်းကျင့်သည့်ကိစ္စ လူသိရှင်ကြားဖြစ်လာသောအခါ ဗေဒင်ဆရာ က ငွေကျပ် ၁၅ သိန်းကို ယင်းအမျိုးသမီးငယ်၏ မိခင်အားပေးကာ အမှုမဖွင့်ရန်ပြော ဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

နောက်ပိုင်းတွင် ထွက်ဝကျေးရွာ သားတစ်ဦးက တရားလိုပြုလုပ်ကာ ရေဖြူ မြို့နယ် ရေနက်ဆိပ်ကမ်း နယ်မြေရဲစခန်း တွင် အမှုဖွင့်ခဲ့ကြောင်း ထားဝယ်အမျိုး သမီးသမဂ္ဂထံမှ သိရသည်။  

Dawei Watch