တောင်တက်အသင်းမ၀င်ဘဲ ရှင်တောင့်ပုံတောင်ပေါ် ကားဆွဲသည့်ပြဿနာ တိုင်းအစိုးရထံ စာပို့မည်

0
1552
ဓာတ်ပုံ - ဝေယံစိုး

သရက်ချောင်းမြို့ရှိ ရှင်တောင့်ပုံ စေတီရှိရာ တောင်ပေါ်သို့ တောင်တက်မော်တော်ယာဉ်အသင်းသို့မ၀င်ဘဲ ခရီးသည်တင်ကား ပြေးဆွဲနေခြင်းပြဿနာကို ဖြေရှင်းပေးရန် တိုင်းအစိုးရအဖွဲ့ထံ သင်္ကြန်အပြီးတွင် စာပို့အကူအညီတောင်း မည်ဖြစ်ကြောင်း ယင်းစေတီ ဂေါပက အဖွဲ့ထံမှ သိရသည်။

ရှင်တောင့်ပုံ ဂေါပကအဖွဲ့ ခွင့်ပြုချက် ဖြင့် ကားအစီးရေ ၄၀ ကျော်ပါသည့် ရှင် တောင့်ပုံတောင်တက်မော်တော်ယာဉ် အသင်းကို လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်မှစပြီး ဖွဲ့စည်းကာ တောင်ပေါ်သို့ တောင်တက် ကားလေးဆယ်ကျော်ဖြင့် အလှည့်ကျ စနစ်ဖြင့် ပြေးဆွဲနေခဲ့ကြောင်း ရှင်တောင့် ပုံဂေါပကအဖွဲ့နာယက ဦးအောင်မြင့်က ပြောသည်။

ရှင်တောင့်ပုံတောင်ပေါ်သို့ ခရီးသည် ပို့ဆောင်ခြင်းနှင့်ပတ်သက်၍ မဇင်မာနှင့် ရောင်းရင်းများခရီးသွားလုပ်ငန်း၏ ယာဉ်ပိုင်ရှင်နှင့် ရှင်တောင့်ပုံဂေါပက အဖွဲ့က ဖွဲ့စည်းပေးထားသည့် ရှင်တောင့် ပုံတောင်တက်မော်တော်ယာဉ်အသင်းအကြား ပြဿနာ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ရှင်တောင့်ပုံဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မဇင်မာနှင့်ရောင်းရင်းများခရီးသွား လုပ်ငန်း၏ ယာဉ်ပိုင်ရှင်က မည့်သည့် ယာဉ်မဆို ရှင်တောင့်ပုံတောင်ပေါ်သို့ ခရီးသည် ပို့ဆောင်ခွင့်ရှိသည်ဟုဆိုကာ ပြေးဆွဲနေပြီး ရှင်တောင့်ပုံတောင်တက် မော်တော်ယာဉ်အသင်းဝင်များက ဂေါပက အဖွဲ့က ဖွဲ့ပေးထားသည့် တောင်တက် အသင်းဝင်ယာဉ်များသာ တောင်ပေါ် ပြေးဆွဲခွင့်ရှိသည်ဟုဆိုကာ အငြင်းပွားနေခြင်း ဖြစ်သည်။

“ကျွန်တော်တို့က အလှည့်ကျစနစ် ဆိုတော့ တစ်နေ့ကို သုံးခေါက်လောက်ပဲ ရတယ်။ သူလမ်းက ဖြတ်ပြီး ခရီးသည်ရ နေတာဆိုတော့ တစ်နေ့ကို ကိုးခေါက် လောက်ရနေတာ”ဟု ရှင်တောင့်ပုံ တောင် တက်မော်တော်ယာဉ်အသင်းဝင်တစ်ဦးက ဆိုသည်။

ယင်းပြဿနာကို ဖြေရှင်းပေးရန် သရက်ချောင်းမြို့နယ်ရှိ သက်ဆိုင်ရာ ဌာနများအား တင်ပြထားသော်လည်း ဖြေရှင်း ပေးခြင်း မရှိသောကြောင့် တိုင်းအစိုးရ အဖွဲ့ထံ တင်ပြအကူအညီတောင်းမည် ဖြစ်ကြောင်း ရှင်တောင့်ပုံ ဂေါပက ဥက္ကဋ္ဌ ဦးငွေဝင်းက ပြောသည်။

သရက်ချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းကမူ မတ်လ တတိယ အပတ်တွင် ဖြေရှင်းပေးရန် စီစဉ်ထားသော် လည်း အဖွဲ့မစုံသဖြင့် ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။

“ကျွန်တော်တို့ကတော့ ရန်ကုန် သွားတဲ့သူတွေ တခြားနေရာကို သွားတဲ့ သူတွေပြန်လာပြီဆိုလို့ရှိရင် သင်္ကြန်ပြီးတဲ့ အချိန်လောက်တော့ လုပ်မယ်လို့ ပြင်ဆင် ထားတယ်”ဟု ဦးသန်းထွန်းက ဆိုသည်။

မဇင်မာနှင့်ရောင်းရင်းများခရီးသွား လုပ်ငန်း၏ ယာဉ်ပိုင်ရှင် ဦးဇော်ဝင်းစိန် ကမူ မြန်မာပြည်အနှံ့ အပန်းဖြေနှင့် ဘုရားဖူး ခရီးသွား ၀န်ဆောင်မှု လုပ်ငန်း လိုင်စင်ရှိသည့်အပြင် ရှင်တောင့်ပုံတောင်ပေါ်သို့ အခကြေးငွေယူပြီး ခရီးသည် တင်ကားမတက်ရန် တားမြစ်ချက်လည်း မရှိသောကြောင့် ရှင်တောင့်ပုံ တောင်တက် မော်တော်ယာဉ်အသင်းကိုဝင်မည်မဟုတ်ဟု ပြောဆိုထားသည်။

“ဒီအသင်းထဲမှာ ၀င်ဆွဲဆိုပြီး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတစ်ခုကို မှတ်ချက်ပေးစရာ အကြောင်းမရှိဘူး။ တားချင် ရင် ထားဝယ်မြို့က နေပြီး အခကြေးငွေယူ ပြီးလာတဲ့ ကားတွေပါ မတက်ခိုင်းနဲ့။ ဒါဆိုရင် ငါလည်း မတက်တော့ဘူး”ဟု ဦးဇော်ဝင်းစိန်က ဆိုသည်။

ယင်းပြဿနာကို မဖြေရှင်းဘဲ ထားပါက ယခင်ထက် ပြဿနာပိုမိုကြီး မားလာနိုင်သဖြင့် သက်ဆိုင်ရာဌာနများ အနေဖြင့် အမြန်ဆုံးဖြေရှင်းပေးသင့်ကြောင်း ရှင်တောင့်ပုံ တောင်တက်မော် တော်ယဉ်အသင်း ကြီးကြပ်ရေးမှူး ဦးသန်းဟိုက ပြောသည်။

“ကျွန်တော်တို့က လုပ်ပိုင်ခွင့်အာဏာ မရှိဘူးလေ။ သက်ဆိုင်ရာဌာနတွေ အစိုးရ တွေကပဲ ဒီပြဿနာကို ရှင်းပေးလို့ရမှာလေ။ မရှင်းပေးရင်တော့ တုတ်ဆွဲ၊ ဓားဆွဲတွေဖြစ်လာမှာကို စိုးရိမ်ရတယ်”ဟု ဦးသန်းဟိုက ဆိုသည်။

 ယခင်ပြဿနာစဖြစ်သည့်အချိန်ကလည်း တိုင်းအစိုးရအဖွဲ့ထံ စာပို့ပြီး ဖြေရှင်း ပေးရန် တောင်းဆိုခဲ့ဖူးပြီး အစိုးရအဖွဲ့ကမူ ရှင်တောင့်ပုံ ဂေါပကအဖွဲ့ကသာ ညှိနှိုင်း ဖြေရှင်းရန် အကြောင်းပြန်ခဲ့ကြောင်း ဦးသန်းဟိုက ပြောသည်။          

Dawei Watch