နန္ဒာဝန်ဈေး အသစ်ဆောက်ရန် ကျပ်သိန်းငါးထောင် သုံးစွဲမည်

0
463

ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်ရှိ စည်ပင်ပိုင်ဈေးကြီး အသစ်ပြန်တည်ဆောက်ရန်အတွက် ကျပ်သိန်း ငါးထောင် သုံးစွဲသွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါဈေးကြီးကို တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေဖြင့် ယခုနှစ် ဧပြီလ နောက်ပိုင်း ဆောက်လုပ်မည် ဖြစ်သည်။ 

ယင်းဈေးတွင် အခန်းပေါင်း ၂၂၀ ခန်း ပါရှိမည်ဖြစ်ပြီး သံကူကွန်ကရစ် သွပ်မိုးတစ်ထပ် အဆောက်အအုံ ဆောက်လုပ် မည်ဖြစ်ကြောင်း စည်ပင်သာယာအဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။

မူလဆိုင်ခန်းအရေအတွက်အတိုင်း ပြန်ချထားပေးမည်ဖြစ်ပြီး အခန်းအတွက် ငွေကြေးတစ်စုံတစ်ရာ ထပ်ပေးစရာမလိုကြောင်း အထက်ပါ အမှုဆောင်အရာရှိက ပြောသည်။

ဈေးအနောက်ဘက်တွင် ဒီရေတော ရှိသည့်အတွက် ရေတက်လျှင် ဈေးထဲ ရေမရောက်အောင် ကျောက်တန်းစီ မြေထိန်း နံရံကိုလည်း ဆောက်ပေးစေချင်ကြောင်း နန္ဒာဝန်ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက ဆိုသည်။

ဈေးဆောက်လုပ်ပေးမည့် ကိစ္စကို ဈေးသူ ဈေးသား ဈေးကော်မတီများအား မတ်လ ၃၁ ရက်တွင် ရှင်းပြခဲ့ရာ ဈေးသူဈေးသားများ အားလုံးက လက်ခံကြသည်။

မိုးအိ