ကော့သောင်းရေပိုင်နက်တွင် မလေးရှားပို့မည့် သစ်မှောင်ခိုလှေတစ်စီး ဖမ်းမိ

0
598

ကော့သောင်းခရိုင်အတွင်းရှိ ROE BANK ကျွန်း အနောက်ဘက် မြန်မာ့ ရေပိုင်နက်တွင် တရားမ၀င် သစ်ခွဲသား များ တင်ဆောင်လာသည့် သစ်မှောင်ခို လှေတစ်စီးကို မတ်လ ၂၉ရက်က မြန်မာ့ ရေတပ်က ဖမ်းဆီးခဲ့ကြောင်း ကော့သောင်း မြို့မ ရဲစခန်းထံမှ သိရသည်။

အောင်စန်းလွင် ၃ အမည်ရှိ စက်လှေ အား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ လှေပေါ်တွင် တရားမ၀င် သစ်ခွဲသား အရွယ်စုံ အမျိုးအစားအစုံ တန် ၆၀ခန့်ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စက်လှေပေါ်တွင် ပဲ့နင်းအပါအ၀င် လှေသား ၁၁ ဦးကိုပါ ကနဦး ဖမ်းဆီးခဲ့ပြီး ကော့သောင်းမြို့မရဲစခန်းကို ဧပြီ ၁ ရက် တွင် လာရောက် အပ်နှံခဲ့ကြောင်း အထက်ပါ ရဲစခန်းက ပြောသည်။

အဆိုပါ စက်လှေသည် သစ်ခွဲသားများ တင်ဆောင်ကာ မွန်ပြည်နယ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ ပို့ ဆောင်မည်ဖြစ်ကြောင်း စက်လှေပေါ်ပါ လှေလုပ်သားများက ထွက်ဆိုကြောင်း သိရသည်။

တရားမ၀င်သစ်များ တင်ဆောင်လာသည့် စက်လှေပိုင်ရှင်မှာ ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက်နေသူဖြစ်ပြီး သစ်ပိုင်ရှင်ကို လတ်တလော စုံစမ်းနေဆဲဖြစ် ကြောင်း မြို့မရဲစခန်း တာဝန်ရှိသူက ဆိုသည်။

သစ်ခွဲသားကို ဈေှးနှုန်းနှင့် သစ်အမျိုး အစားခွဲနိုင်ရန် သစ်တောဦးစီးဌာနထံ လွှဲပြောင်းပေးအပ်နှံခဲ့သည်ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်လှေ ပိုင်ရှင်နှင့် သစ်ပိုင်ရှင် ဖမ်းဆီးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။

မိုးအိ