သင်္ဘောငါးစီး ဆိုက်ကပ်နိုင်မည့် ဆိပ်ခံဘောတံတားစီမံကိန်း ဆိုင်းငံ့

0
574

တင်ဒါခေါ်ယူပြီးသည့်အဆင့်အထိ ရောက်နေပြီဖြစ်သော်လည်း ကော့သောင်း တွင် တည်ဆောက်မည့် ဆိပ်ခံဘောတံတား စီမံကိန်းကို လတ်တလောတွင် အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဒေါ်ရီရီချိုက ပြောသည်။

ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ် ရပ်ကွက် တော်ဝင်လမ်းတွင် သင်္ဘော ၅ စီး တစ်ပြိုက်နက်တည်း ဆိုက်ကပ်နိုင်မည့် ဆိပ်ခံဘောတံတားတစ်စင်း ဆောက်လုပ်ရန် လျာထားပြီး တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော် ပေ ၁၀၀၀ အရှည်၊ အကျယ် ပေ ၃၀ရှိ သံကူ ကွန်ကရစ်တံတား တည် ဆောက်ရန် လျာထားသည့် မြေနေရာသည် တံတားတည်ဆောက်ရန် အခက်အခဲ ရှိကြောင်းနှင့် တံတားအကျယ်အ၀န်းမှာ နေရာအနေအထားနှင့် ဖြစ်နိုင်ချေ မရှိ ကြောင်း ပညာရှင်များက တင်ပြလာသည့်အတွက် ယင်းစီမံကိန်းကို လတ်တလောတွင် အကောင်အထည်ဖော်နိုင်မည် မဟုတ် ကြောင်း ၀န်ကြီးက ဆိုသည်။

ယင်းတံတားတည်ဆောက်ရန်အ တွက် ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၃ရက်ကစပြီး ဇန်န၀ါရီ ၂ရက်အထိ တင်ဒါခေါ်ယူခဲ့ပြီး ဖြစ်သော်လည်း တင်ဒါအောင်သည့် ကုမ္ပဏီကို မကြေညာရသေးကြောင်း ၎င်းက ဆိုသည်။

“ကော့သောင်းရဲ့ ကုန်စည်စီးဆင်းမှုက ကုန်းလမ်းတွေ အဆင်ပြေလာတဲ့ နောက်ပိုင်း ရေလမ်းနဲ့သွားလာမူက အရင်လို အသုံးပြုသူ မများကြတော့ လွှတ် တော်ကိုယ်စားလှယ်တစ်ချို့ကလည်း သဘောမတူကြဘူး။ အခုတော့ နေရာကလည်း တံတားဆောက်ဖို့ အဆင်မပြေတော့ အဲဒီစီမံကိန်းကို ဒီနှစ်မှာ အကောင် အထည်ဖော်နိုင်မှာ မဟုတ်သေးဘူး”ဟု ၀န်ကြီးဒေါ်ရီရီချိုက ဆိုသည်။

သင်္ဘော ၅ စီး ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတား တစ်စင်းနှင်အတူ ကုန်သို လှောင်ရုံ တစ်ရုံ၊  အုပ်ချုပ်မှုဆိုင်ရာရုံး အဆောက်အအုံ တစ်လုံးကိုပါ တည်ဆောက် ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းအစိုးရအဖွဲ့ ရန်ပုံငွေကျပ်သိန်းပေါင်း နှစ်သောင်း သုံးစွဲရန် ယခင်ဝန်ကြီးချုပ်နှင့် ၀န်ကြီး လက်ထက်တွင် စီမံကိန်းရေးဆွဲ ထားခြင်း ဖြစ်သည်။

မိုးအိ