တနင်္သာရီတွင် လေပြင်းကြောင့် နေအိမ်ငါးလုံးပြိုကျ

0
650
ဓာတ်ပုံ - တနင်္သာရီရဲတပ်ဖွဲ့

လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန် စွာရွာသွန်းမှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်တွင် လူနေအိမ် ငါးလုံး ပြိုကျခဲ့ကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ်စီမံခန့် ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ဧပြီလ ၄ ရက်၊ ညနေ ၆ နာရီခွဲတွင် အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ အရှေ့စုရွာ၊ မြို့ဟောင်းရွာ၊ ပြင်ရိုးရွာနှင့် အနောက် မော်တုန်းရွာတို့တွင် ဓနိမိုး၊ ထရံကာ နေအိမ်ငါးလုံးပြိုကျခဲ့ပြီး မြို့ဟောင်းရွာရှိ စာသင်ကျောင်းဆောင် တစ်ဆောင်လည်း  သွပ်မိုးများလန်ခဲ့ကြောင်း အထက်ပါဌာန ထံမှ သိရသည်။

နေအိမ်ပြိုကျခဲ့သည့် မိသားစုဝင်များသည် ဆွေမျိုးနီးစပ်အိမ်များတွင် နေထိုင်နေကြကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြိုကျခဲ့သည့် အိမ်တစ်ဆောင်လျှင် ငွေကျပ် တစ်သိန်းစီနှင့် ဆန်အပါအ၀င် ထောက်ပံ့ပစ်္စည်း ၁၆ မျိုးကို ဧပြီလ ၅ ရက်က သွားရောက် ထောက်ပံ့ပေးခဲ့ ကြောင်း မြိတ်ခရိုင်ဘေးအန္တရာယ်စီမံခန့် ခွဲမှုဌာနထံမှ သိရသည်။

“ပေးတဲ့အထဲမှာတော့ စာသင်ကျောင်း မပါပါဘူး”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်ကလည်း မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ငါး ဆယ်ကျော် ပြိုကျပျက်စီးခဲ့သည်။

ကိုဆန်း