ထိုင်း-မြန်မာရှေးဟောင်းမြို့နှစ်မြို့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး နားလည်မှုလက်မှတ်ရေးထိုး

0
645

ထိုင်းနိုင်ငံအနောက်ပိုင်း ဆူခရမ်ဘူရီခရိုင်ရှိ ရှေးဟောင်းမြို့တော် ဒွါရ၀တီ မြို့နှင့် မြိတ်ခရိုင်ရှိ ရှေးဟောင်းမြို့တစ်ခု ဖြစ်သည့် တနင်္သာရီမြို့တို့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း မြိတ် ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် တနင်္သာရီစာပေနှင့်ယဉ်ကျေးမှုအသင်း ထံမှ သိရသည်။

ဧပြီလ ၃ ရက်က မြိတ်မြို့ရှိ ဂရင်းဂျိတ်ဟိုတယ်၌ ဆူခရမ်ဘူရီခရိုင်ရှိ ခရီးသွားလုပ်ငန်းရှင်များနှင့် မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်း၊ တနင်္သာရီစာပေနှင့်ယဉ်ကျေးမှုအသင်း၊ မြိတ်ခရိုင် ဧည့်လမ်းညွန်များအသင်းတို့ တွေ့ဆုံဆွေးနွေးပြီး လက်မှတ်ရေးထိုးခဲ့ ကြကြောင်း ခရိုင်ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းရွှေမြင့်က ပြောသည်။

တနင်္သာရီရှေးဟောင်းယဉ်ကျေးမှုနှင့် တနင်္သာရီမြစ်အား အခြေခံပြီး ရှေး ဟောင်းမြို့နှစ်မြို့ကြား ခရီးသွားလုပ်ငန်း ရေရှည်ဖော်ဆောင်သွားနိုင်ရန်ရည်ရွယ် ကာ လက်မှတ်ရေးထိုးခဲ့ကြောင်း ဒေါက်တာ သိန်းရွှေမြင့်က ပြောသည်။

တနင်္သာရီမြို့တွင် ထိုင်းနိုင်ငံသား များအနေဖြင့် မြို့ရိုး၊ ကျုံး၊ နဂါးလှေ ယဉ်ကျေးမှု၊ ကျားအကနှင့် ဒေသခံများ၏ နေထိုင်မှုဓလေ့စရိုက်များအား လေ့လာနိုင်မည်ဖြစ်ကြောင်း တနင်္သာရီစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ဆိုသည်။

 ကိုဆန်း