MFD ကုမ္ပဏီ ရှယ်ယာရှင်အချို့ အမြတ် သုံးနှစ်စာမရဟုပြော

0
612

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ကမ်းသာယာနှင့်ရှမ်းချောင်းကြီးကျေးရွာတွင် အိမ်ရာစီမံကိန်းအကောင်အထည် ဖော်နေသည့် MFD ကုမ္ပဏီထံမှ ရှယ်ယာ အမြတ်ငွေသုံးနှစ်စာမရရှိကြောင်း ရှမ်းချောင်းကြီး ကျေးရွာဒေသခံများက ပြောသည်။

ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းကြီး ရွာသားများက ဧပြီလ ၃ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ယင်းသို့ ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

မြိတ်အနာဂတ်ဖွံဖြိုးရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီ(MFD Public Co.,Ltd) ကို ၂၀၁၄ ခုနှစ်တွင် တည် ထောင်ခဲ့ပြီး ယင်းအချိန်က ရွာသား ၆၄ ဦးပိုင်ဆိုင်သည့် မြေဧက ၄၀၀ ကျော်ကို တစ်ဧက ကျပ် ၅ သိန်းနှုန်း တန်ဖိုးသတ်မှတ် ကာ အစုရှယ်ယာ ပါဝင်ခဲ့ကြကြောင်း ၎င်းတို့၏ ပြောဆိုချက်အရ သိရသည်။

ရွာသားတစ်ဦးလျှင် မြေ ၃ ဧက မှ ၁၃ ဧက အထိ MFD ထံတွင် အစုရှယ်ယာ ၀င်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ရှယ်ယာအမြတ်ငွေ ရရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှ လက်ရှိ အချိန်အထိ ထုတ်ပေးခြင်းမရှိတော့ဟု ၎င်းတို့က ဆိုသည်။

“ရသင့်တဲ့အတိုးအမြတ်တွေကို လို ချင်တယ်။ သူတို့ကအခုချိန်ထိလည်း မလုပ် ပေးဘူး။ မေးပြန်ရင်လည်း အဆင်ပြေ အောင်လုပ်ပေးပါ့မယ်ပဲ ပြောတယ်”ဟု မြေ ၄ ဧကနီးပါးရှယ်ယာဝင်ထားသည့် ယင်းရွာသူ ဒေါ်သန်းဆွေက ပြောသည်။

MFD ကုမ္ပဏီတွင် လက်ရှိထည့်ဝင် ထားသည့် အစုရှယ်ယာရှင် ၉၅၁ ဦးရှိကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ထား ချက်မှ သိရသည်။

MFD ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဘုန်းဝင်းကမူ မတ်လ ၃၁ ရက်က ပြုလုပ်သည့် ရှယ်ယာရှင်စုံညီ အစည်းအ ဝေးတွင် ရှယ်ယာရှင်များအား ပေးခဲ့သည့် ရှင်းတမ်းတွင် အမြတ်အစွန်းကိစ်္စ ပါဝင် ပြီးဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ဘက်မှာ ဖုံးကွယ် ထားတာ ဘာမှမရှိဘူး။ အစုရှယ်ယာ ရှင်တွေကို ပေးတဲ့ရှင်းတမ်းမှာ အားလုံးပါ ပြီးသားပါ။ အဲဒီမှာ ပွင့်ပွင့်လင်းလင်း ဖော်ပြထားတယ်”ဟု ဦးဘုန်းဝင်းက ဆိုသည်။

သို့သော် ရှမ်းချောင်းကြီးကျေးရွာသားများအား ရှယ်ယာအမြတ်ငွေ ထုတ်ပေး/ မပေး ဆိုသည်ကိုမူ အတိအကျဖြေဆိုခဲ့ခြင်း မရှိပေ။

ကိုဆန်း