ကုမ္ပဏီတစ်ခုနှင့် အငြင်းပွားနေသည့် မြင်းခွာအော်ကမ်းခြေ မြေဧက သုံးဆယ်ကျော် ဒေသခံများ လုပ်ပိုင်ခွင့်ရ

0
1330

ကုမ္ပဏီတစ်ခုနှင့် ဒေသခံများ မြေယာလုပ်ပိုင်ခွင့် အငြင်းပွားနေသည့် လောင်းလုံး မြို့နယ် ကြက်လွှတ်ကျေးရွာ မြင်းခွာအော် ကမ်းခြေရှိ မြေဧက ၃၀ ကျော်ကို ဒေသခံ တောင်သူများအား လုပ်ပိုင်ခွင့်ပြုလိုက်ကြောင်း တနင်္သာရီတိုင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် ထားဝယ်ခရိုင် တောင်သူလယ်သမား သမဂ္ဂထံမှ သိရသည်။

ယင်းမြေနေရာတွင် မြေယာလုပ်ပိုင် ခွင့်အတွက် အာရှအပြည်ပြည်ဆိုင်ရာ ရေလုပ်ငန်းကုမ္ပဏီနှင့် ဒေသခံ တောင်သူ ခြောက်ဦးတို့က ၂၀၁၆ ခုနှစ်ကတည်းက အငြင်းပွားနေခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အငြင်းပွားနေသည့် ကိစ္စကို ကျေးရွာအဆင့်မှ ခရိုင်အဆင့် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့အထိ ဒေသခံများက အဆင့်ဆင့် အယူခံတင်ခဲ့သော်လည် ဒေသခံများက အယူခံ ရှုံးနိမ့်ခဲ့ ကြသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် တိုင်း လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ထံ ထပ်မံအယူခံတင်ခဲ့ရာ တိုင်းလယ်ယာမြေစီမံခန့် ခွဲရေးအဖွဲ့က ၂၀၁၉ ခုနှစ် ဇန်န၀ါရီလတွင် ယင်းအယူခံကို စတင်စစ်ဆေးပြီး စစ်ဆေး ချက်အဖြေများကို တိုင်းအစိုးရအဖွဲ့ထံ ပေးပို့ခဲ့သည်။

၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်တွင် တိုင်းအစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဒေသခံတောင်သူခြောက်ဦးကို လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလိုက်ခြင်းဖြစ် ကြောင်း တနင်္သာရီတိုင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးလှိုင်မင်းက ပြောသည်။

“လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြု လက်မှတ် ပုံစံ ၇ ကို သူတို့ကို လုပ်ပိုင်ခွင့် ပေးလိုက်တာပေါ့။ ရပ်/ကျေးမှာ ဘယ်လိုပဲ ဆုံးဖြတ်ထားပါစေ။ ဒီက ဆုံးဖြတ်ချက် ကတော့ အတည်ပဲ”ဟု ဦးလှိုင်မင်းက ဆိုသည်။

လက်ရှိတွင် ဒေသခံခြောက်ဦးသာ လယ်ယာမြေ လုပ်ကိုင်ခွင့်ရရှိထားသော် လည်း ခရီးလွန်နေသည့် နောက်ထပ် ဒေသခံတစ်ဦးလည်း လယ်ယာမြေလုပ်ပိုင် ခွင့်ရရှိရန် ကျန်နေသေးကြောင်း ယင်း တောင်သူများကို ကူညီပေးနေသည့် ထားဝယ်ခရိုင် တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။

“တရားဝင် စာရွက်စာတမ်းတွေအရ အစိုးရက ဧက ၃၀ ကျော်ဆိုပေမယ့် တကယ့်မြေပြင်မှာ ဒေသခံတွေရသွားတာ က အာရှအပြည်ပြည်ဆိုင်ရာ ရေလုပ်ငန်း နဲ့ ငြင်းပွားနေတဲ့မြေအားလုံး ဧက ၅၀ ရတာ”ဟု ဒေါ်ရီရီထွေးက ဆိုသည်။

စာရွက်စာတမ်းများတွင် ၃၀.၃၈ ဧကဟု ဖော်ပြထားသော်လည်း မြေပြင် တွင်မူ ဧက ၅၀ ရှိကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုမ္ပဏီများကို ချထားပေးသည့် မြေများအနက် လုပ်ကိုင်ခြင်းမရှိသည့်မြေ များကို ပြန်လည်အပ်နှံစေကာ ဒေသခံများ ကို လုပ်ကိုင်ရရန် လုပ်ဆောင်မည်ဟု တိုင်းဝန်ကြီးချုပ်အသစ် ဦးမြင့်မောင်က တနင်္သာရီအပတ်စဉ်ကို မတ်လ ၂၉ ရက် က ပြောကြားထားသည်။

တောင်သူများ မြေယာလုပ်ကိုင်ခွင့် ရရှိသွားသည့် မြင်းခွာအော်ကမ်းခြေရှိ မြေသည် ၁၉၉၆ ခုနှစ်ကတည်းက အာရှ အပြည်ပြည်ဆိုင်ရာ ရေလုပ်ငန်း ကုမ္ပဏီ က လုပ်ကိုင်ခွင့်ရရှိထားပြီး မြေပြင်တွင် လုပ်ငန်းအကောင်အထည်ဖော်ခြင်းမရှိသည့်မြေဖြစ်ကြောင်း ထားဝယ်ခရိုင်တောင်သူ လယ်သမား သမဂ္ဂထံမှ သိရသည်။

ကျော်သူစိုး