ယာယီရပ်ဆိုင်းထားသည့် ပေါင်ရှိ ပဒုမ္မာဆပ်ပြာစက်ရုံ ပြန်လည်ပတ်ခွင့်ပြု

0
618

မွန်ပြည်နယ် ပေါင်မြို့ရှိ ယာယီရပ် ဆိုင်းထားခဲ့သည့် ပဒုမ္မာဆပ်ပြာစက်ရုံကို ပြန်လည်ပတ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း  ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ရေဆိုးစွန့်ပစ်မှုကြောင့် စက်ရုံပတ် ၀န်းကျင်ရှိ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှုနှင့် ငါးများ သေဆုံးမှုရှိ သည်ဆိုသည့် တိုင်ကြားမှုအရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးနှင့် ပူးပေါင်းအဖွဲ့တို့ ကွင်းဆင်းစစ် ဆေးရာ တွေ့ရှိခဲ့သည့် အချက်များကြောင့် ပဒုမ္မာဆပ်ပြာစက်ရုံကို ယာယီရပ်ဆိုင်း ထားရန် ဖေဖော်ဝါရီလ ပထမအပတ်က ညွှန်ကြား ထားခဲ့သည်။

ယာယီရပ်ဆိုင်းထားခဲ့စဉ် စက်ရုံ၏ ထိရောက်သည့် ရေဆိုးသန့်စင်ရေးစနစ် ဆောက်လုပ်ခိုင်းခဲ့ပြီး ယင်းလုပ်ငန်း ပြီးစီး သွားပြီဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် မတ်လ ၁၉ ရက်က ပြန်လည်ပတ်ခွင့် ပေးလိုက်ခြင်း ဖြစ်ကြောင်း မွန်ပြည်ပြည်နယ်အစိုးရအဖွဲ့ ထံမှ သိရသည်။

“အဓိက ရေဆိုးမထွက်ဖို့ အရေးကြီးတယ်၊ ရေဆိုးစစ်ကန်ကို လုပ်ခိုင်းတယ်။ အဲဒါကို စက်ရုံက လုပ်ထားပြီးတဲ့ အကြောင်း ပြည်နယ်အစိုးရကို တင်ပြတော့ ပြည်နယ်အစိုးရက ပြန်လည်ခွင့် ပေးလိုက်တယ်”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

သို့သော်လည်း လက်ရှိ လုပ်ထား သည့် ရေဆိုးစစ်ကန်သည် မြေသားကန် ဖြစ်နေခြင်းကြောင့် ရေရှည်အတွက် ကွန်ကရစ်ကန် တည်ဆောက်ရန် သို့မဟုတ် ရေကို သန့်စင်သည့်စနစ်လုပ်ဆောင်ရန် စက်ရုံအား အကြံပြုထားသည်ဟု ဒေါက်တာ မင်းကြည်ဝင်းက ဆိုသည်။

၎င်းအပြင် စက်ရုံမှ ထွက်သည့် ရေဆိုးကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ရှိမရှိကို ပုံမှန် ကွင်းဆင်းစစ်ဆေးသွားမည် ဟုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောသည်။

ယခင်က ပဒုမ္မာဆပ်ပြာစက်ရုံမှ ထွက်သည့် ရေဆိုးကို စက်ရုံအနီးအနားရှိ ချောင်းအတွင်းသို့ စွန့်ပစ်ခဲ့သည့်အတွက် ရေဆိုးသည် ချောင်းမှတဆင့် ဒေသခံတို့ စိုက်ပျိုးထားသည့် လယ်မြေထဲဝင်ပြီး လယ်ယာပျက်စီးခြင်း၊ ငါးသေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု စက်ရုံအနီးနားပတ်ဝန်း ကျင်နေသူတို့၏ ပြောပြချက်အရ သိရသည်။

ပဒုမ္မာဆပ်ပြာစက်ရုံသည် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်ပိုင် စက်ရုံတစ်ခုကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ယဉ်စနိုင်း