အဂတိဥပဒေဖြင့် တရားစွဲခံထားရသည့် တနင်္သာရီဝန်ကြီးချုပ်ဟောင်း အာမခံလျှောက်

0
424
ဓာတ်ပုံ - ဝေယံစိုး

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်အား အာမခံပေးရန် ဧပြီလ ၄ ရက်နေ့ ရုံးချိန်းတွင် ၎င်း၏ရှေ့နေများက လျှောက်ထားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်သည် အမျိုးသမီးတစ်ဦးဖြစ် ခြင်း၊ ကင်ဆာရောဂါ ခံစားနေရသည့် မကျန်းမာသူတစ်ဦး ဖြစ်ခြင်း အစရှိသည့် အကြောင်းများကြောင့် အာမခံ(အချုပ် လွတ်ထုချေခွင့်)ပေးရန် ရှေ့နေများက တင်ပြခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အပါအ၀င် GGS ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် မတ်လ ၂၅ ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီး ဧပြီလ ၄ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

“အမှုအတောအတွင်း အချုပ်လွတ် ထုချေခွင့်ပြုဖို့ ဆေးကုသမှုမှတ်တမ်းတွေနဲ့ အတူ အာမခံလျှောက်ထားခဲ့ပါတယ်”ဟု တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။

အာမခံလျှောက်ထားမှုအပေါ် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် တိုင်းဥပဒေအရာရှိက နိုင်ငံတော်မူဝါဒအရ စွဲဆိုသည့်အမှုဖြစ်ခြင်း၊ လက်ရှိ စွဲဆိုထား သည့်အမှုမှာ အာမခံပေး၍မရသော အမှု ဖြစ်ခြင်း စသည်တို့ကြောင့် အာမခံမပေး သင့်ကြောင်း ကန့်ကွက်ခဲ့သည်။

ဧပြီလ ၄ ရက် ရုံးချိန်းတွင် ဒေါက်တာလဲ့လဲ့မော် အပါအ၀င် တရားစွဲဆိုခံထားရ သည့် GGS ကုမ္ပဏီ တာဝန်ရှိသူများဘက်မှ လိုက်ပါဆောင်ရွက်ရန် တရားလွှတ်တော် ရှေ့နေ စုစုပေါင်း ၁၂ ဦးက ရှေ့နေပါဝါတင် ခဲ့ကြကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။

တရားလိုဘက်မှ တိုင်းဥပဒေအရာရှိ အပါအ၀င် ဥပဒေအရာရှိ လေးဦးက လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

အထက်ပါရုံးချိန်းတွင် တရားလိုကို စစ်ဆေးရန် ချိန်းဆိုထားသော်လည်း တရားစွဲဆိုခံထားရသူများ၏ ရှေ့နေများ က အမှုတွဲလေ့လာရန် ရုံးချိန်းတောင်းဆို သည့်အတွက် နောက်ထပ်ရုံးချိန်းကို ပြန် လည်ချိန်းဆိုခဲ့ကြောင်း ဒေါ်အေးအေးသန်းက ဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ ရုံးချိန်းရောက်မှ သာ အာမခံပေး/ မပေး အမိန့်ချမည်ဖြစ်ပြီး တရားလိုကို မဖြစ်မနေ စစ်ဆေးမည်ဖြစ် ကြောင်း အမှုစစ်ဆေးကြားနာသည့် တိုင်း တရားသူကြီး ဦးခင်မောင်မောင်က တရား ခွင်အတွင်း ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထား ပြီး ယင်းအမှုလေးမှုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများ ပါဝင် သည်။

GGS ကုမ္ပဏီ တာဝန်ရှိသူများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အမှုအားလုံးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းက တရားလိုလုပ်ကာ တရားစွဲဆိုခြင်း ဖြစ်သည်။

အထက်ပါအမှုများကို တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဦးခင်မောင်မောင်က စစ်ဆေးလျက် ရှိသည်။

ဧပြီလ ၄ ရက်ရုံးချိန်းကို ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ မိသားစုဝင် ၁၀ ဦးခန့်နှင့် GGS ကုမ္ပဏီဝန်ထမ်း ၂၀ ဦးခန့် လာရောက်ခဲ့ကြသည်။

Dawei Watch