တနင်္သာရီမြို့နယ် သင်္ဘောဦးဒေသဖွံ့ ဖြိုးရေး အစီရင်ခံစာ တိုင်းလွှတ်တော်တင်မည်

0
540

တနင်္သာရီမြို့နယ်အတွင်းရှိ သင်္ဘောဦးဒေသတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ ကွင်း ဆင်းတွေ့ရှိချက် အစီအရင်ခံစာကို တိုင်းလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းလွှတ်တော်   တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ   ကော်မတီဥက္ကဋ္ဌက ပြောသည်။

ဧပြီလ ၈ ရက်တွင် စတင်ကျင်းပမည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် သင်္ဘောဦးဒေသ၏ ဖွံဖြိုးရေးဆိုင် ရာ တွေ့ရှိချက် အစီရင်ခံစာကို တင်သွင်းမည် ဖြစ်သည်။

သဘောင်္ဦးဒေသသည် အခြားဒေသများနှင့်နှိုင်းယှဉ်ပါက လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး၊ ရေရရှိရေး စသဖြင့် အခက်အခဲ များစွာရှိကြောင်း တိုင်းလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ မန်းဆွေမြင့်က ပြောသည်။

“အဲဒီဒေသမှာတော့ အခက်အခဲ တွေကတော့ အများကြီးပဲ။ ကျန်တဲ့ ဒေသတွေနဲ့စာရင် အခက်အခဲ အများဆုံး ရှိတယ်” ဟု မန်းဆွေမြင့်က ပြောသည်။

သင်္ဘောဦးဒေသတွင် ပြည်ထဲရေး အမည်ပေါက် ကျေးရွာများ အပါအ၀င် ကျေးရွာ နှစ်ဆယ်ခန့်ရှိပြီး လူဦးတစ် ထောင်ခန့် ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်း ပြောဆိုသည်။

ယင်းဒေသတွင် ကရင်တိုင်းရင်းသားများနေထိုင်ပြီး တနင်္သာရီမြို့မှ သွားရောက်ပါက ရေစီးသန်သည့် မြစ် ချောင်းများကို ဖြတ်သန်းသွားလာရ သည့်အတွက် အန်္တရာယ်များလှသည်ဟု ယင်းဒေသသို့ သွားရောက်ခဲ့ဖူးသည့် အမိမြေကွန်ရက် တာဝန်ခံ ကိုမင်းခန့်က ပြောသည်။

“ရေတံခွန်လို ရေစီးမြန်ပြီး အန်္တရာယ်များလှတဲ့ ကျောက်ကုတင်တွေ၊ ကျောက်ဆောင်တွေကြား သွားလာခုတ် မောင်းရတယ်။ တစ်ခါတစ်လေ လမ်းမှာ နှစ်ညလောက်အိပ်မှ သဘောင်္ဦးရွာကို ရောက်တယ်”ဟု ကိုမင်းခန့်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

သင်္ဘောဦးဒေသသည် ပုလောမြို့နှင့် နီးသော်လည်း လမ်းမရှိသည့်အတွက် တစ်နာရီခန့်လမ်းလျှောက်ရသည့် အကွာအဝေး ရှိသည်ဟု မန်းဆွေမြင့်က ဆိုသည်။

ယခင်က စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နောက်ပိုင်းမှ ပြန်လည် အခြေချနေထိုင်ကြသည့်အတွက် လိုအပ် ချက် များစွာရှိနေသေးသည်ဟု ၎င်းက ပြောသည်။

ယင်းကြောင့် အဆိုပါဒေသနှင့် ပတ်သက်သည့် ဖွံ့ဖြိုးရေးဆိုင်ရာတွေ့ရှိ ချက် အစီရင်ခံစာကို တိုင်းလွှတ်တော်သို့ တင်သွင်းရခြင်းဖြစ်ကြောင်း မန်းဆွေမြင့်က ဆိုသည်။

“အခြားဒေသတွေနဲ့ယှဉ်ရင် ဒီ သဘောင်္ဦးဒေသက အဖက်ဖက်က နိမ့်ကျ နေတာဖြစ်လို့ ကွင်းဆင်းစစ်ဆေးပြီး တွေ့ရှိချက် အစီရင်ခံစာကို တင်မှာပါ” ဟု ၎င်းက ဆိုသည်။

တိုင်းလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခြင်းအားဖြင့် ဒေသအခြေအနေ ကို တိုင်းအစိုးရက သိရှိနိုင်စေရန်အတွက် ရည်ရွယ်ကြောင်း ၎င်းက ပြောသည်။

အစီရင်ခံစာပါ အကြောင်းအရာ အသေးစိတ်ကိုမူ ကြိုတင်ပြောဆို၍ မရ ကြောင်း မန်းဆွေမြင့်က ပြောသည်။

“အစီရင်ခံစာပါ အကြောင်းအရာ တွေ အကြံပြုချက်တွေကတော့ လာမယ့် လွှတ်တော် ဒုတိယနေ့မှာ ကျွန်တော် ဖတ်ပြမှာပါ။ လွှတ်တော်မှာ ကျွန်တော် အစီရင်ခံစာတင်တဲ့အခါ အခြားလွှတ် တော်ကိုယ်စားလှယ်တွေက ထောက်ခံပြီး ဆွေနွေးမှာလား ကန့်ကွက်ပြီး ဆွေနွေး မှာလားဆိုတာ ရှိဦးမယ်” ဟု ၎င်းက ပြောသည်။

တိုင်းလွှတ်တော်အစည်းအဝေးတွင် သင်္ဘောဦးဒေသဖွံ့ဖြိုးရေးဆိုင်ရာ အစီရင်ခံစာအပြင် တိုင်းလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ ကော်မတီ၏နှစ်ပတ်လည် အစီရင်ခံစာကိုပါ တင်သွင်းမည် ဖြစ်သည်။

သက်ဆိုင်ရာ လွှတ်တော်ကော်မတီ များမှ တင်သွင်းသည့် အစီရင်ခံစာများ အပေါ် ကျန်လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်   ပါဝင်ဆွေးနွေးစေလို ကြောင်း ဒေါက်တာထူးနေအောင်က ပြောသည်။

“ဒီလို အင်တိုက်အားတိုက်ဆွေးနွေး မှသာလျှင် အစိုးရကလည်း အကောင်းဆုံး လုပ်ဆောင်နိုင်မှာ” ဟု ဒေါက်တာ ထူးနေအာင်က ဆိုသည်။

ယင်းအစီရင်ခံစာ နှစ်စောင်ကို တိုင်းလွှတ်တော်မှတဆင့် တိုင်းအစိုးအဖွဲ့ သို့ ပေးပို့မည်ဖြစ်ကြောင်း ယင်းကော်မတီ နှစ်ခုထံမှ သိရသည်။                ။

Dawei Watch