လစ္စဘွန်းသွားတောလား – ၂

0
1834

ဘိလပ်မဟာတန်း ကျောင်းသား – ၁၁

လစ္စဘွန်းသွား တောလားကို သတ္တုချကြည့်တော့ စိတ်ဝင်စားဖွယ်ရာ အချက်များကို တွေ့ရသည်။

ဖော်ရွေသော လူများ၊ ရှေးဟောင်း အဆောက်အအုံနှင့် ရှေးဟောင်း အနှစ်သာရ ကို ထိန်းသိမ်းထားခြင်း၊ ခရီးသွား လုပ်ငန်းနှင့် တပါတည်း ပေါ်တူဂီတို့၏ ဒီမိုကရေစီတော်လှန်ရေးအကြောင်း မိတ်ဆက်ပြသွားခြင်း၊ ပင်လယ်စာကို ကောင်းမွန် အဆင့်မီစွာ ပြင်ဆင်ရောင်းချ နိုင်ခြင်း တို့ ဖြစ်သည်။

တကယ်တော့ ပေါ်တူဂီမှာ ဥရောပ တောင်ပိုင်းကျသဖြင့် ရာသီဥတု နွေးမည်ဟု ခန့်မှန်းခဲ့သော်လည်း ထင်သလောက် မနွေးပါ။ ရောက်သည့် နေ့က ညစာထွက်စား တော့ အနွေးထည် ၀တ်မလာ။ အင်္ဂလန် တွင် နေခဲ့သမျှ အနွေးထည်များ မလွတ်တမ်း ၀တ်ခဲ့ရသော ၀ဋ်မှ ကျွတ်ပြီဟု စိတ်ထဲ ကြိတ် ကြွေးကြော်ကာ ပုံမှန်အင်္ကျီဖြင့်သာ အပြင်ထွက်ခဲ့သည်။

ဖြစ်ချင်တော့ ညပိုင်း ကိုးနာရီက ကျော်နေပေပြီ။ အပြင်ရောက်ခါစတွင် သိပ်မသိသာလှသော်လည်း ဥရောပ ဆောင်း၏ အစွန်အဖျား အရိုက်အခတ်ကို တော့ ခံလိုက်ရသေးသည်။ ပိုဆိုးသည်မှာ လမ်းဘေးလဟာပြင်တွင် ခင်းထားသော စားပွဲတွင် ထိုင်ဖြစ်သွားသည်။

ဆေးလိပ်သောက်ချင်သည်က တစ် ကြောင်း၊ အပြင်လေရှူလိုသည်က တစ်ကြောင်း ကြောင့် အပြင်တွင် ထိုင်မိသွားခြင်း ဖြစ် သည်။ ဘေးတွင် အပူပေး မီးလုံးများရှိ သော်လည်း ကြာလာတော့ အေးလာ သည်။

ထိုကြောင့် တဖက်ကလည်း ငါးပေါင်း နှင့် အချဉ်ရည်ကို အရသာခံရင်း အအေး ဒဏ်ကို အံတုရသည်။

ထိုစဉ် လူနှစ်ဦးက ဆက်တိုက်ဆို သလို ဆေးခြောက်လာရောင်းလေသည်။ ပထမတစ်ဦးလာမေးတော့ ဘာမှန်းမသိ။ သို့သော် ဒီအတိုင်း ဇွတ်တရွတ်တော့ လာမရောင်း။ ဆေးလိပ်သောက်လားဟု အရင်မေးသည်။ စားပွဲပေါ်တွင် ဆေးလိပ် ဘူးလည်း တင်ထားရာ မသောက်ဟုလည်း မပြောသာ။ သောက်ပါသည်ဟုသာ ဖြေရသည်။

ထိုအခါ လူအနားကပ်ကာ ခပ်တိုး တိုးလေး မေးရင်း ဆေးခြောက် ယူမလား ဟု မေးတော့သည်။ ပထမတစ်ဦးကျတော့ သိပ်ပီပီသသ မကြားလိုက်သဖြင့် ဘာလာရောင်းမှန်းမသိ။ သိပ်သဲသဲကွဲကွဲ သာ မကြားသော်လည်း အလိုအလျောက် ပင် ငြင်းလိုက်မိသည်။ နောက်တစ်ဦးကျ တော့ ဆေးခြောက်ယူမလား၊ ကောင်း တယ် ဘာညာကို သေချာကြားလိုက်သည်။ နည်းနည်းတော့ ခေါင်းနပန်းကြီးသွား သည်။ ထိုင်နေသော လမ်းဘေးစားပွဲကနေ ကြည့်ပါက ရှေ့တစ်ဘလောက်စာလောက် တွင် ရဲတွေ ရှိသည်ကိုး။

သို့သော် နောက်မှ သိသည်။

ပေါ်တူဂီတွင် ဆေးခြောက်ကို ဆေး ၀ါးဖြစ် အနည်းငယ်ရောင်းခွင့်ပြုထား သည်မှာ မကြာသေး။ တစ်ကိုယ်ရေသုံး ဆေးခြောက် ပထမအကြိမ် မိပါက ပေါ်တူဂီတွင် ပြစ်ဒဏ်မသင့်။ သုံးနိုင်စွဲ နိုင်သည်။ သို့သော် ထပ်ခါထပ်ခါ အကြိမ်ကြိမ်မိရင်တော့ ဆေးမှုဖြစ်သွား နိုင်သည်။

တကယ်တော့လည်း မူးယစ်ဆေး အနည်းငယ်မိသော သူများကို တိုးတက် သော နိုင်ငံများတွင် မူးယစ်သားကောင် အဖြစ်သာ သတ်မှတ်ပြီး ဖမ်းဆီးခြင်း မပြု တော့။ ဖမ်းဆီးခြင်းအစား ပညာပေးခြင်း၊ ဆေးပြတ်အောင်ဖြတ်ပေးခြင်း၊ လူ့ အသိုင်းအ၀ိုင်းအတွင်း ၀င်ဆန့်အောင် ကူညီပေးခြင်းတို့ဖြင့် ဆန်းသစ်လုပ် ဆောင်နေသည်။ အချို့နိုင်ငံများတွင်မူ ဆေးသုံးမှုကို အမှိုက်ကောက်ခြင်း ကဲ့သို့ သော လူမှုရေးလုပ်ငန်းများတွင် နာရီ သတ်မှတ် လုပ်ဆောင်စေခြင်းတို့ဖြင့် ပြစ်ဒဏ်ပေးလေ့ရှိသည်။ ထောင်တော့ မချ။

နောက်တစ်ခုမှာ အလွန်ဖော်ရွေပြီး စကားများလှသော စားပွဲထိုးဖြစ်သည်။ မေးသမျှရှင်းပြရှာသောသူ ဖြစ်သည်။ အင်္ဂလိပ်စကားကိုလည်း ရေရေလည် လည် ပြောနိုင်သည်။ ပေါ်တူဂီအသံ မပေါက်သဖြင့် မေးကြည့်တော့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်လေသည်။

ကိုယ်တွေကို မြန်မာနိုင်ငံမှ မှန်း သိသော်လည်း အေးဆေး။ ပုံကြည့်ရတာ ပျော်ပျော်ရွင်ရွင်ပင်။ အလုပ်လုပ်နေသည် မှာလည်း သွက်သွက်လက်လက် ရှိလှ သည်။

နောက်တစ်ရက်ကြတော့ ကမ်းခြေ ကို လိုင်းကားစီးသွားသည်။

နာမည်ကြီးကမ်းခြေဆို၍ သွားခြင်း ဖြစ်သည်။ ဟိုရောက်တော့ အရင်အပတ် က ပြောခဲ့သည့်အတိုင်း ခြောက်ကပ်ကပ်။ ကမ်းနားတွင် သစ်ပင်တွေ မရှိသလောက်။ မောင်းမကန်နှင့် အတော်ကို ကွာလှသည်။

ကမ်းခြေတွင်ဆိုင်များတော့ ရှိသည်။ အချို့ကတော့ ကွန်တိန်နာများကို ဆိုင်လုပ် ထားသည်။ ဆိုင်များအားလုံးကတော့ ယာယီပုံစံများ ဆောက်ထားကြသည်။ အားလုံး ဖြုတ်လို့ တပ်လို့ လွယ်မည့် သဘောဖြစ်သည်။

ကမ်းခြေက သဲသောင်ပင် မမြင်ရ သလောက်။ ရေတိုက်စားမည်စိုး၍ ထင် သည်။ ကမ်းခြေတစ်လျှောက် ကျောက် တွေလည်း စီထားလိုက်သေးသည်။ ပင်လယ်ကမ်းခြေနှင့် မတူဘဲ မြစ်ကမ်းနှင့် ပိုတူလှသည်။ ပင်လယ်ကြီးကိုတော့ အားနာလှသည်။

ပင်လယ်စာ အစားအသောက် ကတော့ ဈေးကြီးသလောက် ကောင်းလှ သည်။ ဈေးကြီးသည် ဆိုပေမဲ့ ပြင်သစ်၊ အင်္ဂလန်တို့ ထက်တော့ ဈေးသင့်ပါသည်။ လစ်္စဘွန်းမြို့တွင်းတွင် ယူရို ၂၀ ခန့်ကျ သော ပင်လယ်စာတစ်ပွဲကို ၁၅ ယူရိုခန့် ဈေးကျသင့်သည်။ ဈေးအကြီးဆုံး ဟင်းလျာ မှာ ကျောက်ပုစွန်၊ ဂဏန်းကြီး၊ ပုစွန်၊ ရှပ်ခရုနှင့် ခုံးကောင်တို့ ပါသော ပင်လယ်စာ ပေါင်း ဟင်းလျာဖြစ်သည်။ နှစ်ဦးစာ စားနိုင်သော ပွဲကြီးကို ၆၅ ယူရိုဟုဆို သည်။ မြန်မာငွေဖြင့်ဆိုပါက တစ်သိန်း နှစ်သောင်းကျပ်ခန့် ရှိသည်။

ဆိုင်တစ်ဆိုင်ရွေးပြီး အပြင်ဘက် တွင် ခင်းထားသော ခုံတွင် ထိုင်လိုက်သည်။ ဆိုတော့ စားပွဲထိုးလေးက အပြင်တွင် တကယ်ထိုင်မည်လောဟု လာမေးသည်။ နည်းနည်းအေးနေ၍ လေလည်း တိုက်နေ သဖြင့် ထိုသို့မေးခြင်းဖြစ်သည်။ ပင်လယ်ရောက်မှတော့ ပင်လယ်ဆားငံ ငွေ့မခံစားဘဲ အခန်းထဲ သွားထိုင်ရမှာ တော်တော်တော့ ကြောင်တောင်တောင်နိုင် လှသဖြင့် အပြင်တွင် ထိုင်ရန်သာရွေး လိုက်ခြင်း ဖြစ်သည်။ ဒီလောက်အအေး များ အင်္ဂလန်နဲ့ စာရင် အပျော့ပေါ့ဟု တွေးလိုက်ပြီး တကယ်ထိုင်မည်ဟု ခပ်တည်တည်ပင် ပြောလိုက်သည်။ တကယ်လည်း အင်္ဂလန်နှင့်စာရင် မအေး လှပါ။

ကိုယ့်အတွက်တော့ ရှပ်ခရုပေါင်း တစ်ပွဲ၊ ဒေသထွက် Super Bock ဘီယာ တစ်ခွက်ဆို လုံလောက်ပြီ ဖြစ်သည်။ စုစုပေါင်း ယူရို ၂၀ လောက်တော့ ကျမည်။

ဘီယာတစ်ခွက်နှင့် ပေါင်မုန့် လေးငါးတုံးပါသော ပေါင်မုန့်တစ်ပန်းကန် အရင် လာချပေးထားသည်။ ပေါင်မုန့်က အလိုအလျောက် ပါပြီးသား ဖြစ်မည်။ သိပ်မကြာခင်တွင် မှာထားသော အစား အသောက်များ ရောက်လာသည်။

စားသောက်ရင်း စောစောကအံတု ခဲ့သော အအေးဒဏ်ကို အရှုံးပေးရတော့ မလိုဖြစ်လာသည်။ ဆားငွေ့ပါသော ပင်လယ်လေနှင့် လမ်းခွဲရမလို ဖြစ်လာ သည်။ ပုံမှန်အအေးဆို သိပ်မသိသာသော် လည်း ကြာရှည် အအေးထဲတွင် ထိုင်နေ သဖြင့် ပိုအေးလာသည်။ လေတိုက်လျှင် ပိုဆိုးသည်။ ခက်သည်က ပင်လယ်ဆို တော့လည်း လေက ငြိမ်လှသည် မရှိလေ။

ထိုကြောင့် ဖော်ဖော်ရွေရွေ ရှိလှသော စားပွဲထိုးလေးကိုခေါ်ရင်း အထဲကို ပြန်ပြောင်းရတော့သည်။ ဆော်ရီး၊ မရတော့ဘူး အေးလာပြီ ဆိုတော့ သူကလည်း ရယ်ရယ်မောမောပင် စားသောက် ဖွယ်ရာများကို အတွင်းသို့ ပြောင်းပေး သည်။

ထိုနေ့က နေ့လယ်ကတည်းက ကမ်းခြေရောက်နေတာ ညနေစောင်း လမ်းမီးတိုင်များတွင် ရောင်နီမီးများ ထွန်းလာမှ ပြန်လာဖြစ်သည်။ သုံးလေးလကြာ လွမ်းနေသော ပင်လယ်လှိုင်းသံ များ၊ ပင်လယ်စာများ၊ ဆားငွေ့ပါသော လေများက ဘယ်လိုဖြစ်ဖြစ် ဇာတိမြေကို အလွမ်းပြေစေပါသည်။

လစ်္စဘွန်းတွင် မလုပ်မဖြစ် လုပ်ခဲ့ သည့် အလုပ်တစ်ခုမှာ ဓာတ်ရထားစီးခြင်း ဖြစ်သည်။

လစ်္စဘွန်းဟုဆိုလိုက်လျှင် ဓာတ်ရထားက တွဲပါပြီးသား ဖြစ်သည်။

လစ်္စဘွန်းမြို့ရှိ ဓာတ်ရထားလိုင်း များတွင် အမှတ် ၂၈ လိုင်းမှာ ရှေးအကျ ဆုံး ဖြစ်သည်။ ၁၈၇၃ ခုနှစ် မြန်မာနိုင်ငံ တွင် ကုန်းဘောင်ခေတ်ကတည်းက စတင်ခဲ့သော ဓာတ်ရထားလိုင်း ဖြစ်သည်။ ယနေ့အထိ နှစ်ပေါင်း ၁၅၀ နီးပါး ကြာ အောင် ဆက်တိုက်ပြေးဆွဲ နေနိုင်ဆဲ ဖြစ်သည်။

မြို့တွင်း ခရီးသွားများလည်း စီးနင်း နေဆဲဖြစ်သည်။

ပြင်ပခရီးသွားဧည့်သည်များ အတွက်မူ ရိုးရိုးမြို့တွင်းပြေး ခရီးသွား ဓာတ်ရထားကိုလည်း စီးနင်းနိုင်သလို ကမာ်္ဘလှည့်ခရီးသွားများအတွက် အထူး စီစဉ်ထားသည့် မြို့တစ်ပတ်ခရီးကိုလည်း စီးနိုင်သည်။

ရိုးရိုးမြို့တွင်းပြေး ဓာတ်ရထားမှာ တစ်ခါစီး ၂.၉ ယူရိုကျသင့်သည်။ မြို့တစ်ပတ်စီး ရထားမှာ ယူရို နှစ်ဆယ် ဖြစ်သည်။ မြို့တစ်ပတ်စီးရထားသည် ခရီးစဉ်တစ်လျှောက် လေးငါးနေရာခန့် ရပ်နားလေ့ရှိပြီး ယင်းနေရာများတွင် ခေတ်္တဆင်းကျန်ခဲ့ပြီး ထိုနေရာများတွင် တစ်ပတ်လှည့်ကြည့်၊ ထိုနောက် နောက်ထပ် လာသည့် ရထားကိုတက်စီး စသည်ဖြင့် တစ်နေကုန် စီးနိုင်ရန် စီစဉ်ထားသည်။ လက်မှတ်ကိုတော့ သိမ်းထားရန် လိုသည်။

ခရီးစဉ်တစ်လျှောက် သမိုင်းဝင် နေရာများ အကြောင်းကိုလည်း ဓာတ်ရထား စီးရင်း နားကြပ်ဖြင့် နားထောင်နိုင်သည်။ အထူးသဖြင့် ရှေးဟောင်းဘုရားကျောင်း များ၊ နန်းတော်ရာ နေရာများ၊ ဒီမိုကရေစီ တော်လှန်ရေးကာလမှ သမိုင်းဝင်နေရာ နှင့် အဖြစ်အပျက်များ အကြောင်းကို လည်း ဆက်စပ်ကာ ရှင်းပြသွားသည်။ 

တောင်ကုန်းတောင်တန်း တစ်လျှောက် တည်ထောင်ထားသော လစ္စဘွန်းမြို့တွင် မြို့တွင်း ခရီးသွားရန် ရှေးယခင်က ဓာတ်ရထားသည်သာ အဓိကအားထား ရာ ဖြစ်ခဲ့သော်လည်း ယနေ့ ခေတ်တွင် တော့ ပြောင်းလဲလာပြီ ဖြစ်သည်။ ဘတ်စ်ကားများ၊ ကိုယ်ပိုင်ကားများ၊ တက္ကစီများက မြို့တွင်း သယ်ယူပို့ဆောင် ရေးတွင် နေရာယူလာပြီ ဖြစ်သည်။

သို့သော် မူလလက်ဟောင်း ဓာတ် ရထားကိုတော့ အနှစ်သာရမပျက်အောင် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ယင်း ဓာတ်ရထားဖြင့်ပင် ခရီးသွားလုပ်ငန်းဝင် ငွေ ရအောင် ဖန်တီးထားဆဲ ဖြစ်သည်။ ခရီးသွားဧည့်သည်များမှာ ဓာတ်ရထား မစီးရင် နေပါစေ ဓာတ်ရထားနှင့်တော့ ဓာတ်ပုံ တွဲရိုက်ကြသည်။ ရထားမှာ မြို့တော်၏ မင်းသားကြီးပင် ဖြစ်သည်။

လစ္စဘွန်းခရီးသွားမှ သင်ခန်းစာ ယူစရာများစွာ ရခဲ့သည်။ မြန်မာနိုင်ငံမှ လာသောသူများအဖို့ ကျော်ကြားလှသော ခရီးသွားနေရာ မဟုတ်သော်လည်း ဥရောပတွင် ထိပ်တန်း ခရီးသွားနေရာ ဖြစ်လာပြီ ဖြစ်သည်။ နယ်သာလန်နိုင်ငံရှိ အက်စတာဒန်မြို့ပြီးလျှင် ခရီးသွားများ အတွက် ဟိုတယ်၊ တည်းခိုခန်း အငှားရမှု ရာနှုန်းအများဆုံး မြို့မှာ လစ္စဘွန်းဖြစ် လာပြီဖြစ်သည်။

ပင်လယ်စာ၊ ရှေးဟောင်းမွေအနှစ် နှင့် ဖော်ရွေသော မြို့သူမြို့သားတို့က ခရီးသွားတို့အတွက် ဆွဲဆောင်ရာ နေရာ ဖြစ်လာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ကုန်သွယ် ရေးမြို့တော်ကြီး အဖြစ်မှ တဖြည်းဖြည်း ကျဆင်းလာချိန်တွင် အခြားတိုင်းပြည် ၀င်ငွေ ရှာမည့်နည်းကို တွေ့သွားခဲ့ သည်။

သို့သော် ပြဿနာများကလည်း စောင့်နေသည်။

ညပွဲဈေးတန်းနှင့် ယမကာဆိုင်များ ပေါများရာ မြို့လယ်တွင် အမှိုက်၊ အန်ဖတ် နှင့် ကျင်ငယ်နံ့ ပြဿနာများက လက်ရှိ လစ္စဘွန်းမြို့တော်သားများကို စိတ် အနှောင့်အယှက်ပေးနေသည်။

အချို့ဆိုလျှင် ခရီးသွားများ မလိုဟု ပင် ပြောလာကြပြီဖြစ်သည်။

စာရေးသူမှာ အင်္ဂလန်နိုင်ငံ ဘရစ္စတို မြို့ရှိ ဘရစ္စတိုတက္ကသိုလ်တွင် ပြည်သူ့ ရေးရာ မူဝါဒမဟာဘွဲ့  (MSc Public Policy) အတန်း တက်ရောက် သင်ယူ နေသော ထားဝယ်ဒေသခံတစ်ဦး ဖြစ် သည်။ နိုင်ငံတကာတွင် ကျင့်သုံးနေသော တက္ကသိုလ်ပညာရေးပုံစံကို တို့ထိ မြည်း စမ်းနိုင်ရန်လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံရေး၊ ယဉ်ကျေးမှု ထုံးတမ်း ဓလေ့များကို တစ်စိတ်တစ်ပိုင်း နားလည် သင်ခန်းစာယူနိုင်ရန် ယခု အခန်းဆက် ဒိုင်ယာရီကို (တစ်လ နှစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် ကဲ့သို့) အလျင်းသင့်သလို ဖော်ပြသွားမည် ဖြစ်ပါသည်။

ဖစု