သင်္ကြိန်တွင် ဌာနယိမ်းအဖွဲ့နှင့် ရပ်/ကျေးယိမ်းအဖွဲ့ သီးခြား ခွဲပြိုင်ရမည်

0
3327

ဌာနဆိုင်ရာများ၏ ယိမ်းအဖွဲ့များ သာ ဆုရလေ့ရှိသည့် သင်္ကြန်ယိမ်းပြိုင်ပွဲ အတွက် ယခုနှစ်တွင် ဌာနယိမ်းအဖွဲ့နှင့် ရပ်/ကျေးယိမ်းအဖွဲ့ခွဲပြိုင်စေမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းလူမှုရေးနှင့်စည်ပင် သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဗဟို မဏ္ဍပ်တွင် ယခင်က ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာယိမ်းအဖွဲ့များ အတူတကွ ယှဉ်ပြိုင်ရပြီး ဌာနဆိုင်ရာ ယိမ်းအဖွဲ့များကသာ ဆုရလေ့ရှိခြင်း ကြောင့် အုပ်စုခွဲယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း ဦးဟိုပင်က ဆိုသည်။

“ဆုရချိန်မှာ ဌာနဆိုင်ရာချည်းပဲ၊ ရပ်/ကျေးတွေက အားငယ်လာတယ်၊ စိတ်ဒဏ်ရာ ဖြစ်လာတယ်”ဟု ဦးဟိုပင်က ပြောသည်။

ဌာနယိမ်းနှင့် ရပ်/ကျေးယိမ်းပြိုင်ပွဲ နှစ်ခုအတွက် ဆုများကို သီးခြားချီးမြှင့်မည် ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

ယခုနှစ်တွင် ဌာနယိမ်းအဖွဲ့နှင့် ရပ်/ကျေးယိမ်းအဖွဲ့များ စုစုပေါင်း အဖွဲ့ ၂၀ နီးပါးရှိနိုင်ကြောင်း ဦးဟိုပင်က ခန့်မှန်းသည်။

ယိမ်းအဖွဲ့များကို အုပ်စုနှစ်ခုခွဲကာ ယှဉ်ပြိုင်စေမည့်အပေါ်နှစ်သက်သော်လည်း နှစ်စဉ်ရပ်ကွက်/ကျေးရွာများတွင် ယိမ်း အဖွဲ့အတွက် ရန်ပုံငွေရှာဖွေရ ခက်ခဲသည့် အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့က ငြီးတွားပြောဆိုမှုများ ရှိသည်။

“ရပ်/ကွက်ယိမ်းတွေကို သီးခြား ဆုပေးမယ်ဆိုတော့ အရမ်းကျေနပ်တယ်”ဟု တလိုင်းထိန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဌေးက ပြောသည်

တနင်္သာရီတိုင်း၏ မြို့တော်ဖြစ် သည့် ထားဝယ်သင်္ကြန်ပွဲတော်တွင် ယခင် က မြို့ပေါ်ရပ်ကွက်များ စုပေါင်းကာ ယိမ်းအဖွဲ့လေးဖွဲ့နှင့် ကျေးရွာများက ယိမ်း အဖွဲ့သုံးဖွဲ့ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိ သည်။

နှစ်စဉ်ရပ်ကွက်/ကျေးရွာများကို ယိမ်းအကဖွဲ့များ မပြိုင်မနေရ ၀င်ရောက် ယှဉ်ပြိုင်စေလေ့ရှိပြီး ယင်းသို့လုပ်ဆောင် ခြင်းမှာ ယခင်တပ်မတော်အစိုးရလက် ထက် လုပ်ဆောင်ပုံနှင့် တူညီနေသည့် အတွက် တိုင်းအစိုးရအနေဖြင့် ပါးနပ်စွာ ဖြင့် စီမံခန့်ခွဲစေလိုကြောင်း ထားဝယ်မြို့ ပေါ်ရပ်ကွက်မှ အခြားအုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။

ဗဟိုမဏ္ဍပ်တွင် နှစ်စဉ်ကျင်းပသည့် ယိမ်းအကပြိုင်ပွဲများတွင် ဌာနဆိုင်ရာ ယိမ်းအဖွဲ့အချို့သာ နှစ်စဉ်နီးပါးပထမဆုရရှိလေ့ရှိသည့်အပေါ် ဝေဖန်မှုများ ရှိသည်။

ကိုဇော်