ပစ္စည်းအဟောင်းဆိုင်များ လမ်းပေါ်ပစ္စည်းထားပါက ကျပ်သိန်းချီ ဒဏ်ရိုက်မည်

0
717

ထားဝယ်မြို့အတွင်းရှိ သံတို၊ သံစ၊ ပလပ်စတစ် စသည့် ပစ္စည်းအဟောင်း ၀ယ်သည့်ဆိုင်များအနေဖြင့် အများပြည်သူ သွားလာနေသည့် လမ်းဧရိယာအတွင်း စုပုံထားပါက ငွေကျပ်သိန်းချီ ဒဏ်ရိုက် မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။

လမ်းဧရိယာအတွင်း အဆိုပါ ပစ္စည်း အဟောင်းများ စုပုံထားပါက မြို့အင်္ဂါရပ်နှင့် မညီညွတ်ဘဲ မြင်မကောင်းသည့် အတွက် ဧပြီလ ၂၅ ရက်မှ စတင်အရေးယူ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဧပြီလ ၃ ရက်က ပစ္စည်းအဟောင်း ၀ယ်ယူနေသည့် လုပ်ငန်းရှင် ၉ ဦးကို ဖိတ်ခေါ်ကာ လက်ရှိစုပုံထားသည့် ပစ္စည်းများ ရွေ့ပြောင်းရန် နောက်ဆုံးအကြိမ် သတိပေးခဲ့ကြောင်း ကော်မတီအတွင်း ရေးမှူးက ဆိုသည်။

သတ်မှတ်အချိန်ဖြစ်သည့် ဧပြီလ ၂၄ ရက် နောက်ပိုင်း စစ်ဆေးတွေ့ရှိပါက စည်းကမ်းမဲ့အမှိုက်ပစ်သည့် ဒဏ်ကြေး ကဲ့သို့ ငွေကျပ်သိန်းချီဒဏ်ရိုက်တော့မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဒဏ်ငွေ အတိ အကျကိုမူ မသတ်မှတ်ရသေးကြောင်း ၎င်းက ဆိုသည်။

“အချို့ဆိုင်တွေက လမ်းပေါ်မှာစုပုံ ထားတဲ့အခါကျတော့ အများပြည်သူ အမြင်မှာ မကောင်းဘူးပေါ့”ဟု ကော်မတီ အတွင်းရေးမှူးက ဆိုသည်။

ပိန္နဲတောရပ်ကွက်တွင် သစ်အဟောင်းများ လမ်းမဧရိယာအတွင်း စုပုံထားခြင်းကြောင့် လမ်းကျဉ်းမြောင်းသွားသကဲ့သို့ ခံစားရသည့်အတွက် ယင်းကဲ့သို့ တားမြစ် မှုအပေါ် ထောက်ခံကြောင်း ယင်းရပ်ကွက် တွင်နေထိုင်သည့် အသက် ၄၀ နှစ်အရွယ် ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထားဝယ်မြို့တွင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ပါက ဒဏ်ကြေးအဖြစ် ကျပ်နှစ်သိန်း ဒဏ်ရိုက်ပြီး သတင်းပေးသူကို ကျပ်တစ်သိန်း ဆုချီးမြှင့်သည်။       

                          ကိုဇော်