လျှပ်စစ်ကော်မတီသစ် ဂက်စ်ဖိုးအကြွေးကိစ္စ အပါအ၀င် အချက်ငါးချက် ဦးစားပေးလုပ်ဆောင်မည်

0
602

ထားဝယ်ခရိုင်လျှပ်စစ်ကော်မတီ သစ်အနေဖြင့် GGS ကုမ္ပဏီ၏ ဂက်စ်ဖိုးအကြွေး ထပ်မဖြစ်စေရေး အပါအ၀င် အချက် ငါးချက်ကို ဦးစားပေးလုပ်ဆောင် မည်ဖြစ်ကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ၀န်ကြီးဦးအောင်သူရက ပြောသည်။

“ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ဗဟိုကြီးကြပ်မှုကော်မတီ”ကို ထားဝယ်ခရိုင်အတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ တိုင်းဥပဒေချုပ်၊ တိုင်းစာရင်းစစ်ချုပ်၊ တိုင်းလျှပ်စစ်တာဝန်ရှိသူများ၊ မြို့နယ်အုပ် ချုပ်ရေးမှူးများဖြင့် မတ်လ ၂၈ ရက်က စတင်ဖွဲ့စည်းခဲ့ကြောင်း ဦးအောင်သူရက ပြောသည်။

မဟာဓာတ်အားလိုင်းထားဝယ်ခရိုင် သို့ မရောက်မီကာလအတွင်း ဓာတ်အားခ ဈေးသက်သာစေရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း စနစ်တကျ ဆက်လည်ပတ်နိုင်ရေး၊ မလိုလားအပ် သည့် ငွေကြေးပြဿနာများ မဖြစ်ပေါ်စေရေး၊ သဘာဝဓာတ်ငွေ့ဖိုး အကြွေးကျန်များ ထပ်မံ မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ် အား ပြတ်တောက်မှု မဖြစ်ပေါ်စေရေး စသည့် အချက်ငါးချက်ကို ဦးစားပေးလုပ် ဆောင်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

ကော်မတီ၏ ပထမဆုံးအကြိမ် အစည်းအဝေးကို ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့်ရထားသည့် GGS ကုမ္ပဏီ တာဝန်ရှိသူများအား ဆင့်ခေါ် ကြားနာရန် ကော်မတီမှ ဆုံးဖြတ်ခဲ့သည် ဟု ၎င်းင်းက ပြောသည်။

“အမြန်ဆုံး လုပ်မယ်၊ ကျွန်တော် တက်(၀န်ကြီးဖြစ်)လာပြီး ဒီကိစ္စကတော့ ပထမ ဦးစားပေးပဲ” ဟု ၀န်ကြီးက ပြောသည်။

သဘာဝဓာတ်ငွေ့ဖြစ် မီးပေးနေသည့် ထားဝယ်ခရိုင်မီးလင်းရေးကိစ္စ အားလုံးကို ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အရေးကြီး သည့်ကိစ္စများကို အစိုးရအဖွဲ့သို့ တင်ပြကာ ဆုံးဖြတ်ချက်ရယူမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

GGS ကုမ္ပဏီတာဝန်ရှိသူများ အဂတိ အမှုဖြင့် အမှုရင်ဆိုင်နေရချိန်တွင် ထားဝယ် ခရိုင်လျှပ်စစ်မီးခ ဈေးမြင့်တော့မည်၊ မကြာခင်လုပ်ငန်ရပ်နားတော့မည်ဟု လူထု အကြား ပြောဆိုမှုများမှာ မဟုတ်မှန်ကြောင်း နှင့် လက်ရှိတွင် ပုံမှန်ဆက်လည်ပတ်နေ မည်ဖြစ်ကြောင်း ၀န်ကြီး ဦးအောင်သူရက ပြောသည်။

Daweu Watch