သင်္ကြန်အလှူခံ သုခုမအဖွဲ့လေးများ

0
430

“သင်္ကြန်ဟေ့” ဆိုလျှင် သင်္ကြန်အလှူခံ အဖွဲ့လေးတို့ လှုပ်လှုပ်ရွရွ။

အလှူခံနည်းပေါင်းစုံ၊ ရည်ရွယ် ချက်ပေါင်းစုံဖြင့် အလှူခံအဖွဲ့ပေါင်းစုံတို့ ရပ်ရွာထဲ လှည့်လည်အလှူခံကြသဖြင့် အိမ်တိုင်းနီးပါးက အလှူခံအဖွဲ့တိုင်း ကို သင့်တော်သလို လှူနိုင်ရန် တတ်နိုင်ရာ ငွေအကြွေများ ကြိုတင်လဲလှယ်ထားကြလေ့ ရှိပါသည်။

ထို သင်္ကြန်အလှူခံအဖွဲ့များထဲတွင် အနုပညာဖြင့် ဖျော်ဖြေတင်ဆက်ရင်း အလှူခံကြသည်က အများဆုံးနှင့် ချစ် စရာအကောင်းဆုံး မြန်မာ့သင်္ကြန် ယဉ်ကျေးမှုတစ်ခု ဖြစ်ပါသည်။

ထို သင်္ကြန်အလှူခံ သုခုမအဖွဲ့များသည် သင်္ကြန်ရောက်တိုင်း အနုပညာပိုး ရှိသူတို့ ရင်းနှီးရာ၊ နီးစပ်ရာစုစည်းကာ မိမိတို့ ၀ါသနာပါသည့် အနုပညာဖြင့် ရပ်ရွာကို တင်ဆက်ရင်း အလှူခံထွက် ကြသည်။

တချို့အဖွဲ့များက မင်းသားငယ်၊ မင်းသမီးငယ်တို့ကခုန်ဖျော်ဖြေသည့် အိုးစည်ဒိုးပတ်ဝိုင်း ဖြစ်ကောင်းဖြစ်မည်။ တိုးနယားအက၊ ကုလားကိုးတောင်တို့ ပါကောင်းပါမည်။

လူပျိုပေါက်အရွယ်ကတည်းက ကုလားကိုးတောင်အက၊ တိုးနယားအကတို့ဖြင့် သင်္ကြန်တွင် အလှူခံထွက်ခဲ့ဖူး သည်ဆိုသော လောင်းလုံးမြို့နယ် မဲအုံ နှောက်ကျေးရွာနေ အသက် ၆၂ နှစ်ရှိ ဦးကျော်မြင့်က သူတို့လူငယ်ခေတ်က တစ်ရွာတွင် အနည်းဆုံး တစ်ဖွဲ့ အလှူခံ ထွက်ကြောင်း ပြောသည်။

“တစ်ဖွဲ့နဲ့တစ်ဖွဲ့ လမ်းမှာ ခဏခဏ ဆုံကြတယ်။ ဆုံပြီဆိုရင် သူ့ထက်ငါသာ အပြိုင်တီးကြတာ”ဟု ဦးကျော်မြင့်က ပြောသည်။

သင်္ကြန်အလှူခံ သုခုမအဖွဲ့များ သည် သင်္ကြန်ကာလအတွင်း ရွာစဉ်လျှောက်ကာ တစ်အိမ်ဝင်တစ်အိမ်ထွက် အလှူခံကြသည်။ အိမ်စုအိမ်ဝေး၏ အကွက်ကောင်းသည့်နေရာတွင် သီဆိုတီးမှုတ် ကခုန်ဖျော်ဖြေကြသည်။

“သင်္ကြန်ကျတဲ့နေ့ကစပြီးထွက် တာ သင်္ကြန်တက်တဲ့နေ့မှ အိမ်ပြန် ရောက်တယ်။ ခုလို ကားတွေသာပေါ်နေ ရင် ဘယ်နေရာအထိများ သွားကြမလဲ မသိဘူး”ဟု ဦးကျော်မြင့်က ပြောသည်။

ရွာမှ ကလေးလူငယ်တို့သည် သူတို့ အကြိုက် ကုလားကိုးတောင်အကအဖွဲ့၊ တိုးနယားအကအဖွဲ့၊ အဆိုအက မြိုင်ဆိုင် သည့် အိုးစည်ဒိုးပတ်အဖွဲ့တို့နောက်သို့ ရေပြွတ်ကိုင်၊ ရေဘူးလွယ်ကာ တကောက် ကောက်လိုက်နေတတ်ပါသည်။

ကြောက်တတ်သည့်အရွယ် ငါးနှစ် နှင့်အောက် ကလေးတို့က ကုလားကိုး တောင်၊ တိုးနယား စသည်တို့ကို မြင် လျှင် ငိုယိုကာ မိခင်ဖခင်ဆီ ပြေးကြမည်။ ချီထားရသည့်အရွယ်တို့က မိခင်ရင်ခွင် တွင် ခေါင်းဝှက်ထားကြ ပါလိမ့်မည်။

တချို့ အဖွဲ့ငယ်လေးများက သီချင်းကို ကက်ဆက်ဖြင့်ဖွင့်ကာ ကပြ ဖျော်ဖြေ အလှူခံကြသည်။

“ကစ်ဆစ်(ကက်ဆက်)လေး ရေမစို အောင် ကျွတ်ကျွတ်အိတ်နဲ့သေချာထုပ်ပြီး ဆွဲသူကဆွဲ။ ဘက်ထရီအိုးလေး ၀ါးလုံး နဲ့ ထိုးပြီး ထမ်းသူကထမ်းပေါ့”ဟု မြိတ်မြို့၊ အောင်မင်္ဂလာရပ်နေ အသက် ၆၀ အရွယ် ဦးရွှေက ပြောသည်။

ထိုသို့ ရွာစဉ်လှည့်အလှူခံသည့် သင်္ကြန်အလှူခံ သုခုမအဖွဲ့များရှိသကဲ့သို့ မိမိရွာအတွင်းသာ လှည့်လည်သည့် ရွာခံ သင်္ကြန်အလှူခံ သုခုမအဖွဲ့များလည်း ရှိပါသည်။

မြိတ်တွင်ကား ယင်းကဲ့သို့ အလှူခံ ထွက်ခြင်းမျိုးကို အိမ်ခုန်သည် ဟုလည်း ခေါ်တတ်ကြသည်။

မြိတ်တွင် ခေတ်စားသည့်အကမှာ လုံချည်ခါးတောင်းကျိုက်၊ အင်္ကျီဗလာ ဖြင့် ခန်္ဓာကိုယ်တစ်ခုလုံး ဖြူနီဝါဆေးစင်း ခြယ်ပြီး ကုလားကျားအက ကခြင်း၊ ထန်းသုတ်ခေါ် အရုပ်ကြီးထဲ လူဝင် ယိမ်း ထိုးကခြင်းတို့ ဖြစ်ကြောင်း မြိတ်မြို့ ဇေယျာသီရိရပ်နေ အသက် ၄၅ နှစ်ရှိ ဦးထွန်းအောင်က ပြောသည်။

“ကုလားကျားကပြီး အိမ်ခုန်ကြ တာပေါ့။ အရမ်းပျော်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်။ သူတို့ကခြောက်ရင် ကလေးတွေတစ်ပြုံလည်း ၀ိုင်းပြေး ကြတာပေါ့”ဟု မြိတ်မြို့ ဇေယျာသီရိရပ် နေ အသက် ၄၅ နှစ်ရှိ ဦးထွန်းအောင် က ပြောသည်။

သူတို့က ရွယ်တူ၊ ၀ါသနာတူတို့ စုကာ ရွာသားများ ပျော်စေရန်နှင့် ရွာ အတွက် အလှူငွေရစေရန် မိမိတို့တတ်စွမ်း ရာ အနုပညာပြကွက်များဖြင့် ရွာအတွင်း အလှူခံထွက်ကြလေသည်။

ရွာကာလသားတို့ စုထားသည့် ၀ါးလက်ခုပ်တီး သင်္ကြန်သံချပ် ဖြစ် ကောင်းဖြစ်မည်။ သူတို့ဆိုလျှင် ၀ါးလက် ခုပ်၊ လင်းကွင်းတို့တီးကာ ရွာအတွင်းမှ တစ်နှစ်တာအလွဲများကို ဟာသနှော သံချပ်စပ်ဆို အလှူခံကြမည်။

သံချပ်ထဲ မိမိကို ထည့်သွင်း စပ်ဆို ခံရသူများပင် ပြုံးဖြီးဖြီးဖြင့်သော်လည်းကောင်း၊ မချိပြုံးဖြင့်သော်လည်းကောင်း၊ မျက်နှာစူပုပ်၍သော်လည်းကောင်း အလှူငွေ ထည့်လှူကြပါလိမ့်မည်။

ရွာမှ တစ်ချို့က အမျိုးသားကြီး၊အမျိုးသမီးကြီးအဖွဲ့တို့ကလည်း သူတို့ လုပ်နိုင်သမျှ ဟာသနှောသည့် အ၀တ် အစားများဖြင့် ကခုန် အလှူခံကြသည်။

ဗိုက်ရွှဲရွှဲ ခြေသလုံးမဲမဲ အမျိုးသားကြီးက ဂါဝန်ကြီးနှင့် ကြိုးသိုင်းဘော်လီ လေးနှင့် ကခုန်သည်ကိုလည်း တွေ့နိုင် မည်။

ပိန်ခြောက်ခြောက် ပုသေးသေး အမျိုးသမီးကြီးကလည်း မီးသွေးခဲဖြင့် နှုတ်ခမ်းမွေးဆွဲပြီး ဗိုလ်အောင်ဒင်လို ၀တ်ကာ အလှူခံနေသည်ကိုလည်း တွေ့နိုင်မည်။

ထို သင်္ကြန်အလှူခံ သုခုမအဖွဲ့များ သည် ရရှိသော အလှူငွေများကို ရွာဦးကျောင်းသို့ လှူကြမည်။ ရွာအတွင်း လိုအပ်သည့်နေရာများတွင် အသုံးချကြ မည်။

တစ်ချို့ရွာများ၏ ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်း၊ စသည့် အများနှင့် သက်ဆိုင်သော နေရာများ၏ တံခါးပေါက်၊ ပြတင်းပေါက်၊ မျက်နှာ ကျက်၊ နံရံ၊ ဘီဒို စသည့်နေရာများတွင် “—-”သင်္ကြန်အဖွဲ့ကောင်းမှု ဟူသည့် ကမ္ပည်းထိုးသည်များကို တွေ့မြင်နိုင် ပါသည်။

“အခုငါတို့ရွာမှာ အခုသွားနေတဲ့ တံတားလေးတစ်စင်း သင်္ကြန်တုန်းက ကုလားကိုးတောင်ကပြီး အလှူခံရငွေနဲ့ ဆောက်ထားတာ။ ငါတို့ရွာက ဘုန်းကြီးကျောင်းမှာလည်း စားပွဲ၊ ကုလားထိုင်၊ ပန်းကန်၊ ဇွန်း အဲဒါတွေလည်း ၀ယ်ပြီး လှူထားတာ။ ဓမ္မာရုံမှာ သွပ်ပြားတွေ လည်း လှူထားသေးတယ်”ဟု ဦးကျော်မြင့် က ဆိုသည်။

ယခင် ဆယ်စုနှစ်များက သင်္ကြန် အလှူခံ သုခုမအဖွဲ့များကို သင်္ကြန်ကာလ အတွင်း ပေါပေါလှိုင်လှိုင် တွေ့ရပါသည်။

လက်ရှိကာလတွင်ကား သင်္ကြန် အလှူခံ သုခုမအဖွဲ့များ တစ်နှစ်ထက် တစ်နှစ် လျော့လျော့လာပါပြီ။

“အိမ်ခုန်ကြ အလှုခံကြတဲ့ဓလေ့က ရှိသေးပေမဲ့ အရမ်းနည်းလာနေပြီ”ဟု မြိတ်မြို့မှ  ဦးထွန်းအောင်က ပြောသည်။

နှစ်စဉ်ထွက်မြဲ သင်္ကြန်အလှူခံ သုခုမအဖွဲ့များ အကြောင်းအမျိုးမျိုး ကြောင့် ရပ်နားလိုက်ကြရသည်။

“ငါတို့ထွက်နေကြလူတွေလည်း ကွဲကုန်ပြီ၊ အသက်ကြီးတဲ့သူလည်း ကြီး၊ သေတဲ့လူလည်း သေကုန်ကြပြီလေ”ဟု လောင်းလုံးမြို့နယ် မဲအုံနောက်ရွာသား ဦးကျော်မြင့်က ပြောသည်။

ကက်ဆက်ကြီးကို ပလပ်စတစ် အိတ်ပတ်ကာ ပုခုံးပေါ်တင်ထားသူက တစ်ယောက်၊ ဘက်ထရီအိုးကို ထမ်းပိုးဖြင့် နှစ်ယောက်ထမ်း၊ မင်းသားမင်းသမီးလေး တွေက အ၀တ်သစ်လေးဝတ်၊ ပန်းကုံး လေးစွပ်၊ ဆုငွေကို ရင်ဘတ်မှာ တွယ်ချိတ် နှင့်သီထားပြီး ဘယ်သီချင်းလာလာ ကွေးနေအောင် က၊ အဖွဲ့ခေါင်းဆောင်က ငွေဖလားကြီးပိုက်ကာ အိမ်ဝင်အိမ်ထွက် သွားနေကြသည့် မြင်ကွင်းမျိုးလည်း တော်ရုံ မတွေ့ရတော့ပါ။

“ဟေး လား မောင် ရိုး ၀ါး…” ဟု အားပါးတရအော်ဟစ်တီးမှုတ်ကခုန်ကြသည့် ဒိုးပတ်အဖွဲ့၊ ကုလားကိုးတောင်၊ တိုးနယား၊ ကျားအကအဖွဲ့တို့ကား ရှာမှရှား လာပါပြီ။

“ဒီနှစ်လည်း ဗုံတွေ အဆင်သင့် ပြင်ထားသေးတယ်။ လာခေါ်ရင် ထလိုက်မလို့။ ဘယ်သူ့မှ လာမခေါ် ကြဘူး” အသက် ၆၂ နှစ်အရွယ် သင်္ကြန် မင်းသားကြီး ဦးကျော်မြင့်က ပြောလေသည်။

ကံကောင်းသူဆိုလျှင်ဖြင့် ယခုနှစ် သင်္ကြန်တွင် သင်္ကြန်အလှူခံ သုခုမအဖွဲ့ လေးများကို ကြုံတွေ့ လှူဒါန်းခွင့် ရနိုင် ပါသေးသည်။          ။

တနင်္သာရီသတင်းအဖွဲ့