အဂတိဥပဒေဖြင့် တရားစွဲခံထားရသည့် တနင်္သာရီဝန်ကြီးချုပ်ဟောင်း အာမခံလျှောက်

0
2013

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အာမခံပေးရန် ဧပြီလ ၄ ရက်နေ့ရုံးချိန်းတွင် ၎င်း၏ရှေ့နေများက လျှောက်ထားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် အမျိုးသမီးတစ်ဦးဖြစ်ခြင်း၊ ကင်ဆာရောဂါခံစားနေရသည့် မကျန်းမာသူတစ်ဦး ဖြစ်ခြင်း အစရှိသည့် အကြောင်းများကြောင့် အာမခံပေးရန်(အချုပ်လွတ်ထုချေခွင့်)ပေးရန် ရှေ့နေများက တင်ပြခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အပါအ၀င် GGS ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် မတ်လ ၂၅ ရက်နေ့တွင် စတင်တရားစွဲဆို ခဲ့ပြီး ဧပြီလ ၄ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

“အမှုအတောအတွင်း အချုပ်လွတ်ထုချေခွင့်ပြုဖို့ ဆေးကုသမှုမှတ်တမ်းတွေနဲ့အတူ အာမခံလျှောက်ထားခဲ့ပါတယ်”ဟု တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။

အာမခံလျှောက်ထားမှုအပေါ် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် တိုင်းဥပဒေအရာရှိက နိုင်ငံတော်မူဝါဒအရ စွဲဆိုသည့်အမှုဖြစ်ခြင်း၊ လက်ရှိစွဲဆိုထားသည့်အမှုမှာ အာမခံပေး၍မရသောအမှုဖြစ်ခြင်း စသည်တို့ကြောင့် အာမခံမပေးသင့်ကြောင်း ကန့်ကွက်ခဲ့သည်။

ဧပြီလ ၄ ရက်နေ့ ရုံးချိန်းတွင် ဒေါက်တာလဲ့လဲ့မော် အပါအ၀င် တရားစွဲဆိုခံထားရသည့် GGS ကုမ္ပဏီ တာဝန်ရှိသူများဖက်မှ လိုက်ပါဆောင်ရွက်ရန် တရားလွှတ်တော်ရှေ့နေ စုစုပေါင်း ၁၂ ဦးက ရှေ့နေပါဝါတင်ခဲ့ကြကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။

တရားလိုဘက်မှ တိုင်းဥပဒေအရာရှိ အပါအ၀င် ဥပဒေအရာရှိ လေးဦးက လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

အထက်ပါရုံးချိန်းတွင် တရားလိုကိုစစ်ဆေးရန် ချိန်းဆိုထားသော်လည်း တရားစွဲဆိုခံထားရသူများ၏ ရှေ့နေများက အမှုတွဲလေ့လာရန် ရုံးချိန်းတောင်းဆိုသည့်အတွက် နောက်ထပ်ရုံးချိန်းကို ဧပြီလ ၁၁ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ကြောင်း ဒေါ်အေးအေးသန်းက ဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ရုံးချိန်းတွင် စစ်ဆေးဖြစ်မည်မဟုတ်ဘဲ ဧပြီလ ၂၂ ရက်နေ့ ရုံးချိန်းရောက်မှသာ အာမခံပေး/မပေး အမိန့်ချမည်ဖြစ်ပြီး တရားလိုကို မဖြစ်မနေစစ်ဆေးမည်ဖြစ်ကြောင်း အမှုစစ်ဆေးကြားနာသည့် တိုင်းတရားသူကြီး ဦးခင်မောင်မောင်က တရားခွင်အတွင်း ပြောသည်။

ဝန်ကြီးချုဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုလေးမှုဖြင့် တရားစွဲဆိုထားပြီး ယင်းအမှုလေးအမှုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများ ပါဝင်သည်။ GGS ကုမ္ပဏီ တာဝန်ရှိသူများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

အမှုအားလုံးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းက တရားလိုလုပ်ကာ တရားစွဲဆိုခြင်းဖြစ်သည်။

အထက်ပါအမှုများကို တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးခင်မောင်မောင်က စစ်ဆေးလျက်ရှိသည်။

ဧပြီလ ၄ ရက်ရုံးချိန်းကို ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ မိသားစုဝင် ၁၀ ဦးခန့်နှင့် GGS ကုမ္ပဏီဝန်ထမ်း ၂၀ ဦးခန့် လာရောက်ခဲ့ကြသည်။

Dawei Watch