ဗထူး ထပ်မံကျဆုံးခြင်း

0
1406
ဓာတ်ပုံ - Ba Gyee Soe@ ABN

အောင်ပန်းမြို့လယ်က ဗိုလ်မှူးကြီး ဗထူးနဲ့ အာဇာနည်တို့ရဲ့ ကျောက်တိုင်ကို လမ်းချဲ့မလို့ဆိုပြီး ဖြိုလိုက်တယ်။ နေရာ ရွှေ့မယ်ပေါ့။ လေးလမ်းသွားနဲ့ မလွတ်လို့ ဆိုပဲ။ မေးခွန်းလေးတွေ မေးကြည့်တယ်။ ချရေးကြည့်တယ်။

၁) လမ်းနဲ့ မလွတ်လို့

လမ်းနဲ့ မလွတ်လို့ဆိုပြီး ပြောတယ်။ ဒီဇာတ်လမ်း လာမယ်ဆိုတာလည်း သိတယ်။ ဖျက်မယ်ကြားလိုက်ကတည်း က ဒီလမ်းချဲ့ဖို့ ကိစ်္စပဲ ဖြစ်မယ်ဆိုတာ သိလိုက်တယ်။ ဘာလို့ဆို ကလော-တောင်ကြီး လေးလမ်းသွား လမ်းမကြီးအကြောင်း ကြားပြီးသားကိုး။

အောင်ပန်းမြို့လယ် လမ်းကျဉ်းပါ တယ်။ ထားဝယ်ကလူဆိုပေမဲ့ သိပါတယ်။ အောင်ပန်းဈေးဆိုတာ ဆိုင်ကယ် တစ်စီးနဲ့  လက်ဖက်ရည် သွားသွား သောက်နေကျ နေရာ။ စီးပွားရေးဂျာနယ်လစ်ဘ၀တုန်း ကဆိုတော့ ဈေးတွေကို စိတ်ဝင်စား လေ့ရှိတယ်။ အောင်ပန်းဈေးက ဖုန်ထူပေမဲ့ ဈေးရှုခင်းကို ကြည့်ချင်လို့ သွားနေကျ လေ။

လမ်းနဲ့ မလွတ်ရင် အကုန်ဖျက် ဆိုတာကတော့ ကလေးတောင် လုပ်တတ် ပါတယ်။ အစိုးရတောင် မလိုတော့ဘူး။ အစိုးရဆိုတာ အဲလို ခက်တာတွေကို ပြေလည်အောင် စီမံခန့်ခွဲတတ်မှ အစိုးရ ခေါ်မှာပေါ့။ ခပ်လွယ်လွယ်ပဲ လုပ်တတ်တယ် ဆိုတာ ခပ်ညံ့ညံ့ အစိုးရတွေပဲ လုပ်တတ် တာမျိုး။

ဘယ်လို လုပ်မလဲ မေးရင် မေးလိမ့်မယ်။

လမ်းအကြောင်း မသိပါ။ လမ်းအင်ဂျင်နီယာလည်း မဟုတ်ပါ။ ဒါပေမဲ့ နည်းအမျိုးမျိုး စဉ်းစားရင်ရတယ်။

အဝေးပြေးလမ်းဆိုတာ မူလကတည်းက မြို့ထဲကနေ၊ ရပ်ရွာတွေ ထဲကနေ မဖြတ်သွားသင့်တဲ့ လမ်းမျိုး။ (လမ်းကို အမှီပြု ဆိုင်ရောင်းတဲ့သူတွေ ကတော့ ကြိုက်ချင်မှ ကြိုက်လိမ့်မယ်)။ ဆိုတော့ လမ်းချဲ့ရာမှာ မြို့ရှောင်ပြီး စဉ်းစားလို့ရတယ်။

မြို့ရှောင်လမ်းအူကြောင်းခက်လား၊ ဒါဆိုရင် မလွတ်တဲ့နေရာမှာ မိုးပျံ တံတားနဲ့ ထိုးမလား၊ စဉ်းစားလို့ ရတယ်။ နိုင်ငံတကာမှာ ဒီလိုပဲ လုပ်နေကြတာပဲ။

လေးလမ်းသွားဆိုပေမဲ့ လေးလမ်း လုံးလုံး အမြဲတတွဲတွဲ ပူးသွားနေမှ လေးလမ်းသွား မဟုတ်၊ မြို့ရွာတွေ ကျဉ်းရင် နှစ်လမ်းစီ ခွဲထုတ်လို့လည်း ရသလို၊ နှစ်လမ်းက တစ်ခု၊ တစ်လမ်းစီက တစ်ခုစီ။ ဒါမှမဟုတ် တစ်လမ်းစီ လေးလမ်း ခွဲထုတ်လိုက်လို့လည်း ရတယ်။ ရွာတွေ မြို့တွေထဲမှာ ဒီလို ခွဲထုတ်လိုက်လို့ရတယ်။ မြို့ပြင်ရောက်မှ လေးလမ်း ပြန်ပေါင်းထုတ်ချင်လည်း ထုတ်ပေါ့။

ဦးနှောက်ပါတယ်ဆိုတာ စဉ်းစား ဖို့ပါ။ စီမံခန့်ခွဲမှုဆိုတာ မလွတ်ရင်ဖျက် အယူအဆ ဃသညခနစအ သက်သက် မဟုတ် ဘူး။ ချင့်ချိန်တွက်ချက်ပြီး အသေးစိတ် စဉ်းစားဆုံးဖြတ် အကောင်အထည် ဖော်တတ်ဖို့ ဖြစ်တယ်။

ပိုက်ဆံမရှိဘူး ပြောလိမ့်မယ်၊

အစိုးရရဲ့ စီမံခန့်ခွဲမှု အလွဲတွေ ကြောင့် ပြုန်းတီးသွားတဲ့ ပိုက်ဆံတွေ၊ လာဘ်စားလို့ ပြုန်းသွားတဲ့ ပိုက်ဆံတွေ၊ ရန်ကုန်မှာ သုံးချင်သလို သုံးနေတဲ့ ပိုက်ဆံ တွေနဲ့ နှိုင်းယှဉ်ရင် ဒါက ပါမွှားပါ။

အဓိကက အခုဖြစ်သွားတာက ပိုက်ဆံဆိုတဲ့ ဈေးနှုန်း (Price) ကိစ္စ မဟုတ်၊ တန်ဖိုး (Value) ကိစ္စ။

၂) မြို့ခံတွေ သဘောတူလို့၊ အမတ်တွေ သဘောတူလို့

ဒီလိုလုပ်တာ မြို့ခံနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ညှိပြီး သဘောတူ လို့ လုပ်တာလို့ ပြောတယ်။ ဒါဟာ မြို့တစ်မြို့တည်းပိုင် ပစ္စည်းမှ မဟုတ်တာ။

ရွှေတိဂုံဘုရားကို ဗဟန်းမြို့သား တွေ သဘောတူရုံနဲ့ လုပ်ချင်သလို လုပ်လို့ရလား။ တာဝါလိန်းလမ်းနေအိမ် ကိုကော ဗဟန်းမြို့နယ်က ပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ သဘော တူရုံနဲ့ လုပ်ချင်သလို လုပ်လို့ ရလား။

နောက်ပြီးတော့ အစိုးရတာဝန်ရှိ သူတွေနဲ့ လမ်းအင်ဂျင်နီယာတွေက ဒီကိစ္စကို ဘယ်လောက်ထိ အသေးစိတ် စဉ်းစားခဲ့ကြလဲ။ ကျောက်တိုင်မဖျက်ရင် ဘေးက အိမ်တွေ ဖျက်ရမယ်ဆိုတာမျိုးပဲ ရွေးချယ်ခွင့် ပေးခဲ့တာလား။

“နှစ်ခုမှာ တစ်ခုရွေး” ဆိုတာမျိုးပဲ ဆုံးဖြတ်ခွင့်ပေးခဲ့သလား။ ရွေးနိုင်ဖို့ အခြားနည်းလမ်းတွေ မတင်ပြခဲ့ဘူးလား။

လူထုကတော့ သူသူကိုယ်ကိုယ် အိမ်တွေ၊ ဆိုင်တွေတော့ ဘယ်ဖျက်ချင် မလဲ။ ဆိုတော့ အခြားနည်းလမ်းတွေကော စဉ်းစားခဲ့သေးလား။

နောက်ပြီးတော့ ဒီကိစ္စကိုလည်း အောင်ပန်းမြို့ခံနဲ့ ကလောမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တွေ သဘောတူ ရုံနဲ့ ပြီးမလား။ 

ဒီကိစ္စအတွက် တစ်နိုင်ငံလုံး ဆန်္ဒခံယူပွဲ လုပ်ရမယ်လို့ ဆိုလိုချင်တာ မဟုတ်ပါ ဘူး။ အခြားသူတွေ၊ ပတ်သက် ဆက်နွှယ်ရာကြောင်း ရှိသူတွေရဲ့ ခံစားချက်ကို လည်း ထည့်သွင်းစဉ်းစား သင့်တယ်လို့ ဆိုလိုချင်တာပါ။

၃) တန်ဖိုးကိစ္စ

အဲဒီနေရာမှာ ဆိုရင် ဗိုလ်မှူးဗထူး မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ဘယ်လို စီမံမလဲ စဉ်းစားမိတယ်။

အဲဒီမှာ ပထမပိုင်းမှာ ပြောခဲ့တဲ့ တန်ဖိုးထားမှု ကိစ္စဆိုတာ ပါလာတယ်။ အရာရာကို ရုပ်ဝတ္တုတွေနဲ့ တိုင်းတာက လူရိုင်းတွေတောင် မလုပ်တတ်ကြဘူး။ သူတို့မှာတောင် ခံစားတွယ်တာတတ်မှု ရှိတယ်။

တိုးတက်ဖို့ လိုတယ်၊ ဒီလောက် တော့ ရင်းရမယ်ဆိုပြီး ဂျင်းလာ မထည့် ကြပါနဲ့

လမ်းလိုမျိုး ရုပ်ဝတ္တုတွေ ချဲ့ဖို့ လိုလာလို့ ဖျက်ကြေးဆို၊ ကားတွေ လူတွေ ကျပ်လာတဲ့ ရန်ကုန်မြို့လယ်က ပန်းခြံနဲ့ လွတ်လပ်ရေး ကျောက်တိုင်ကြီး နေရာမှာ ကွန်ဒိုကြီးဆောက်မယ်လေ၊ ဈေးဝယ်စင်တာကြီး ဆောက်မယ်လေ၊ ပိုက်ဆံတွေ အများကြီးရမှာပေါ့။ ပြီးတော့မှာ ကျောက်တိုင်နဲ့ ပန်းခြံကို ဒလဘက် မြေနေရာပေါတဲ့ နေရာကို ရွှေ့လိုက်တာပေါ့။

တာဝါလိန်းလမ်း အိမ်ဆိုလည်း ကွန်ဒိုကြီးဆောက်လိုက်ရင် တော်တော် ပိုက်ဆံရမှာ၊ အဲဒီနားက သံရုံးဝန်ထမ်း တွေ ဘာတွေကိုလည်း ရောင်းစား၊ ငှားစားလို့ ရတယ်။ ဘယ်လောက်မိုက်လဲ။

အဲလိုဆို ပိုက်ဆံဘယ်လောက်ရရ ဘယ်လုပ်ကြမလဲ၊ ကျွန်တော်တို့ တန်ဖိုး ထားတာကိုး။ အခုလည်း ဒီအတိုင်းပဲ။ ပိုက်ဆံကုန်မှာစိုးလို့၊ အကုန်အကျ မခံနိုင်လို့ အလွယ်ဖြိုလိုက်တယ်ဆိုတာ တန်ဖိုးထားမှုမရှိဘူးဆိုတဲ့ သဘောပဲ။

တန်ဖိုးဆိုတာ ကိုယ်ဘယ်လို တန်ဖိုးထားတယ်ဆိုတဲ့ ကိစ္စသက်သက် မဟုတ်၊ သူများတွေ၊ ပတ်သက်ရာ ပတ်သက်ကြောင်း လူထုတွေ ဘယ်လို တန်ဖိုးထား တယ်ဆိုတဲ့ ကိစ္စလည်း ပါတယ်။

ဘုရားချင်းတူတူတောင်မှ ဒို့ဘုရား ဒို့ဖူးမယ် ဆိုပြီး ဆရာ မောင်ကိုကို (အမရပူရ) ရေးခဲ့တာ တန်ဖိုးထားမှုကို ပြတာပါ။

ချောင်းဆုံက ဗိုလ်ချုပ်အောင်ဆန်း တံတား၊ ကယားမှာ ကြေးရုပ်တွေလည်း ဒီလိုပဲ။ တန်ဖိုးကိစ်္စပဲ။ ကိုယ်တန်ဖိုးထား တဲ့ ကိစ္စမှ တန်ဖိုးရှိတယ် ထင်ကြတယ်။

အခြားအစုအဖွဲ့တစ်ခု၊ လူမျိုးစုတစ်ခု၊ လူတစ်စုက တန်ဖိုးထားတာဆို တန်ဖိုး လို့ မထင်ဘူး။ Value ရှိတယ် မထင်ဘူး။ အဲဒါများ ပြည်ထောင်စုကြီးထဲမှာ တူတူ နေကြမတဲ့။ အများကြီး လုပ်ကြရပါဦး မယ်။ 

၎) နိဂုံး

အခုတော့ ဗထူး ထပ်မံကျဆုံးတယ်။ ၁၉၄၅ က ကျဆုံးခဲ့တဲ့ တယ်လူးစခန်းနဲ့ မိုင်ဆယ်ချီအကွာမှာပဲ ထပ်မံ ကျဆုံးရပြန် တယ်။

ပြန်ချုပ်ရရင် ဒါက ကိစ္စသေးသေး လေးဆိုပေမဲ့ အစိုးရက ဘယ်လောက်ထိ အသေးစိတ် စဉ်းစား၊ အသေးစိတ် စီမံဖို့ လိုတယ် ဆိုတာ ပြသနေပါတယ်။ မြန်မာ နိုင်ငံမှာ မတူညီတဲ့ လူမျိုးစု၊ ဘာသာ စကား၊ ကိုးကွယ်ယုံကြည်ရာတွေ ကွဲပြား နေတဲ့နိုင်ငံမှာ ပိုလိုအပ်ပါတယ်။

ဘယ်လောက်ပဲ လူနည်းစုဖြစ်စေ သူတို့ရဲ့ တန်ဖိုးထားမှုကို အလေးထားဖို့ လိုပါတယ်။ ဒါမှပဲ မတူကွဲပြားပေမဲ့ ညီညွတ်စွာ နေထိုင်လို့ရမှာပေါ့။

ဒီစာရေးရင်း ထားဝယ်က လောင်းလုံး မြို့ပေါ်မှာ ထမင်းဆိုင်ရောင်းနေတဲ့ ဗထူးအမျိုး အဘွားအိုရဲ့ မျက်နှာကို မြင်ယောင်လာတယ်။

အေးပေါ့လေ။ ဗထူးအမျိုးတွေက ဘာရာထူးမှ မရှိသူတွေမို့ ဘယ်တန်ဖိုး ထားကြမလဲ ဆိုပြီး စိတ်ထဲ ဖြစ်မိတယ်။

ဗမောင်း