ဗိုလ်မှူးကြီး ဗထူးကျောက်တိုင်ကိစ္စ အသံများ

0
896

ရှမ်းပြည်နယ်အောက်ပန်းမြို့တွင် စိုက်ထူထားသည့် ဗိုလ်မှူးကြီးဗထူးနှင့် အာဇာနည်ရဲဘော်များ အထိမ်းအမှတ် ကျောက်တိုင်ကို တိုးချဲ့မည့်လမ်းနှင့် မလွတ်ဟုဆိုကာ ဖြိုချနေသည့်ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မတ်လ ၂၈ ရက်က ပျံနှံ့ခဲ့သည်။

ရှမ်းပြည်နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများကမူ ဖြိုချခြင်းမဟုတ်ဘဲ ဗထူးပန်းခြံအတွင်းသို့ ရွှေ့ပြောင်းပေးခြင်းသာဖြစ်သည် တုံ့ပြန်သကဲ့သို့ တစ်ချိန်တည်းတွင်ပင် ဖြိုချခဲ့သည့်ကျောက်တိုင်ကို ရွှေ့ပြောင်းခြင်းမျိုးမဟုတ်ဘဲ ဗထူးပန်းခြံ အတွင်း ပုံစံတူကျောက်တိုင် အသစ်ကို ပြန်လည်တည်ဆောက်မည်ဟု ပြောသည်။ တိုးချဲ့မည့် လမ်းဧရိယာနှင့်မလွတ်သဖြင့် ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင်အား ဖြိုချခဲ့သည့်အပေါ် ကလောမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ထားဝယ်ဒေသခံတို့၏ အမြင်များကို စုစည်းဖော်ပြ လိုက်ပါသည်။    

                                                                     တနင်္သာရီအပတ်စဉ်

ဦးအေးမင်း (ဥက္ကဋ္ဌ-ထားဝယ်တိုင်းရင်းသားများပါတီ)

လက်ပံတောင်းတောင်မှာ လယ်တီဆရာတော်ရဲ့ သိမ်ကိုတောင် နေရာရွှေ့နေမှတော့ ခုလို ကျောက်တိုင်ကို နေရာရွှေ့တာကတော့ ခုခေတ်မှာ ဆန်းတဲ့ဟာတော့ မဟုတ်ဘူးပေါ့လေ။ ဘာဝေဖန်ချက်မှ မပေးလိုပါဘူး။ ကျောက်တိုင်နေရာက ပြည်ထောင်စု လမ်းမပေါ် ကျနေရင် အ၀ိုင်းတစ်ခုလုပ်ပြီး ထားလို့ မရဘူးလားပေါ့ သဘောက၊ မဖျက်လိုရင် အဲလိုလုပ်လို့ ရတယ်လေ၊ ရန်ကုန် ပြည်လမ်းမှာ ကုက္ကိုပင်ကြီးတွေတောင်မှ မလှဲမခုတ်ဘဲ လမ်းဖောက်လို့ ရသေးတာပဲ။      ။

ကိုစောရန်နိုင် (ဗိုလ်မှူးကြီးဗထူး ညီဖြစ်သူ၏ မြေး၊ လောင်းလုံးမြို့)

ကျောက်တိုင်ကို အခြားနည်းနဲ့ ရှောင်လို့ရတဲ့နည်းလမ်း မရှိတော့ဘူးလား မသိဘူးနော်၊ ကျွန်တော့်အနေနဲ့တော့ မြင်ရတာ စိတ်မကောင်းဘူးပေါ့။ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ သူ့သမိုင်းတစ်ခုကို၊ သူ့ရဲ့ မူရင်းတစ်ခုကို မဖျက်စေချင်ဘူးပေါ့ဗျာ။ အခြားနည်းနဲ့ ရှောင်လို့ရရင် ရှောင်ခိုင်းစေချင်ပါတယ်ဗျာ။   ။

ဦးမောင်မောင်ဦး (ဆိုင်ကယ်ပြုပြင်ရောင်းဝယ်ရေး၊  (ဂ) ရပ်ကွက်၊ ရေဖြူမြို့)

နိုင်ငံအတွက် တစ်မျိုးသားလုံးအတွက် စံနမူနာအဖြစ်ထားခဲ့တဲ့ အထင်ကရပုဂ္ဂိုလ် တယောက်ရဲ့သမိုင်းဝင် ကျောက်တိုင် တစ်ခုကို ဖယ်ရှားတာပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့လိုအပ်ချက်ကြောင့် ရွှေ့ပြောင်းတာပဲဖြစ်ဖြစ် မြို့ခံလူတစ်စုရဲ့သဘောထားလေးနဲ့ ရွှေ့ပြောင်း ဖယ်ရှားရလောက်အောင် တန်ဖိုးနည်းသွားရခြင်းအတွက် ၀မ်းနည်းမိပါတယ်။ ဖယ်ရှားတာပဲဖြစ်ဖြစ် ရွှေ့ပြောင်း တာပဲဖြစ်ဖြစ် ကျွန်တော်သိသလောက် ပြောရရင် သမိုင်းဆိုတာ ရွှေ့ပြောင်းခြင်း ပြင်ဆင်ခြင်း အသစ်တည်ဆောက်ခြင်း လုပ်လို့မရဘူးလို့ သိထားပါတယ်။

ဦးအောင်မျိုး (ထားဝယ်လူမျိုးစုစည်းမှုကော်မတီ တာဝန်ခံ)

ဒီကျောက်တိုင်ကတော့ မရွှေ့ပြောင်းသင့်ဘူးဆိုပြီးတော့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတာ ဒီကျောက်တိုင်က အောင်ပန်း မြို့ တစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘူးလေ။ အမိမြေတစ်ခုလုံးနဲ့ သက်ဆိုင်တယ်လေ။ ဒီလို အမိမြေတစ်ခုလုံးနဲ့ဆိုင်တဲ့ ကိစ္စကြီးတစ်ခုလုံးကို ရွှေ့ပြောင်းတဲ့ပုံစံမျိုး မဟုတ်ဘဲ ဖျက်ဆီးပစ်လိုက်တဲ့ပုံစံမျိုး သွားမြင်တယ်။ ဒီထက်မကကြီးတဲ့ ပစ္စည်း တွေတောင် တိုင်တစ်ခုလုံးနုတ်လို့ ရသေးတာ။ အိမ်ကိုမှ တစ်လုံးချင်းပြောင်းတာရှိသေးတာကို။ ဒီတော့ ဒီတိုင်တစ်ခုလုံးကို နုတ်ပြီးတော့ ထားမယ့်နေရာတွေသတ်မှတ်ပြီးတော့ စနစ်တကျလုပ်သင့်တာပေါ့လေ။ သူတို့ကပြောတယ် ဗိုလ်မှူးကြီးဗထူး အရိုးအိုးလည်း မတွေ့၊ ဘာလည်း မတွေ့ဆိုတာကတော့ ကလေးစကားပေါ့။ ဗိုလ်မှူးကြီးဗထူးအရိုးအိုးက အဲဒီနေရာမှာ မရှိဘူး လေ။ ဆိုလိုတာက လွတ်လပ်ရေးကျောက်တိုင်လို့ပြောရင် ဒီလွတ်လပ်ရေးကျောက်တိုင်မှာ လွတ်လပ်ရေးမှာ ကျဆုံးသွားတဲ့ သူတွေရဲ့ အရိုးအိုး မရှိဘူးလေ။ အာဇာနည်ကျောက်တိုင်ဆိုရင် အာဇာနည်ပုဂ်္ဂိုလ်တွေရဲ့ အရိုးအိုး မရှိဘူးလေ။ အဲဒီလို ကလေး စကားတွေကတော့ သိပ်ပြီးတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။

ဦးသန်းထိုက် (ကလောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)

ဒီကိစ္စက ၂၀၁၈ ကတည်းက မြို့မိမြို့ဖတွေနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ပါဝင်တဲ့ ကော်မတီဖွဲ့ပြီးမှ ဆောင်ရွက်တာ ဖြစ်တယ်။ တစ်ဦးတစ်ယောက်တည်းရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူး။ နဂိုရှေးဟောင်းမူလမပျက် ပြန်လုပ်မယ်။ အရိုးပြာတွေကို အခမ်းအနားနဲ့ စနစ်တကျ ဗထူးပန်းခြံထဲကို ရွှေ့မယ်လို့ သဘောတူထားတယ်။ ဒီလိုနဲ့ ဖြည်းဖြည်းချင်း ကျောက်တိုင်ကို ခြစ်ချတော့ အထဲမှာ ဘာမှမခံထားတော့ နဲ့နေတာ။ အဲဒါကြောင့် အပေါ်ပိုင်းကို ကျွန်တော်တို့ ဖြုတ်ချလိုက်တာ။ အောက်ထပ်ကို ဖြည်းဖြည်းချင်း လူနဲ့ခွာတာ။ လက်နဲ့ဖြိုတာ။ စနစ်တကျလုပ်တာ သုံးနာရီကြာတယ်။ ရှေးမူပျက်မှာစိုးလို့။

ရုတ်တရက်ကြည့်လိုက်ရင် လက်လွတ်စပယ် ဖြုတ်ချလိုက်သလိုလို ထင်ရတယ်။ အဲဒါကြောင့် ရှမ်ပြည်နယ်အစိုးရအဖွဲ့ကလည်း ရှင်းနေရတယ် ဒီပြဿနာကို။ အမှန်က တိုင်က နဲ့နေတဲ့အခါကျတော့ ဘက်ဖိုးနှစ်စီးနဲ့ ထောက်ထားတာ။ ပြိုလဲသွားမှာ စိုးလို့။ ကျွန်တော်တို့က မူလပုံစံအတိုင်းလိုချင်လို့ ဖြည်းဖြည်းချင်း ဖျက်ချတာ။ အဲဒီမှာ ရှေ့မီနောက်မီတွေ အကုန်ရှိတယ်။

တရားဝင်ဖိတ်ကြားပြီးတော့မှ လုပ်တာ။ အခမ်းအနားနဲ့။ ပုံမှာမြင်နေရတဲ့အတိုင်း လုပ်တာတစ်ခုမှ မဟုတ်ဘူး။ အဲဒီလုပ်တဲ့နေရာမှာ ကျွန်တော်ကိုယ်တိုင် ရှိနေတယ်။ ဖြိုချတာ ဘယ်သူမှ မလုပ်ဘူး။ ပြောင်းရွှေ့တာကို အခမ်းအနားနဲ့ လုပ်တာ။ တိုင်တစ်ခုလုံးကို နုတ်ပြီးတော့ ပြောင်းလို့ မရတော့လို့။ တိုင်ကနဲ့နေပြီ ဘယ်လိုမှ လုပ်လို့မရတော့လို့ မဖြစ်မနေမို့လို့ ဒီလိုအပေါ်ပိုင်းကို ဖျက်ချလိုက်ရတာ။ ကိုယ်လုပ်ခဲ့တာက စနစ်တကျနဲ့လုပ်ခဲ့တာ ဒီပုံတွေနဲ့ ဘယ်လိုကြီးလာတာလဲဆိုတာ နားမလည်ဘူး။ ဖျက်ချလိုက်တဲ့ဟာက မူလကျောက်တိုင် မဟုတ်သေးဘူး။ အထဲမှာ မူလကျောက်တိုင် ရှိသေးတယ်။ ကျွန်တော်တို့က ရှမ်းပြည်နယ်လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီးတေဇာအောင်ဆိုတာ ရှိတယ်။ သူက ဗိုလ်မှူးဗထူးရဲ့မြစ်။ သူနဲ့ကျွန်တော် ဒီအကြောင်းတွေကို အမြဲတမ်း ရှင်းပြတယ်။ ပြောပြတယ်။ ဒီနေ့အခမ်းအနားကိုလည်း သူ့ကို ဖိတ်တယ်။ အခြားအခမ်းအနားနဲ့ တိုက်ဆိုင်နေတော့ သူမတက်နိုင်ဘူး။

အဲဒီကျောက်တိုင်ထဲမှာ အရိုးပြာလည်း မတွေ့ဘူး။ ဘာမှလည်း မတွေ့ရဘူး။ သူနဲ့ပတ်သက်တာ တစ်ခုမှကို မရတာ။ ကျွန်တော်တို့တောင် ရှိမယ်ထင်ထားတာပေါ့ဗျာ။ အခုကျွန်တော်တို့ ရှေးမီနောက်မီ လူကြီးတွေနဲ့တိုင်ပင်ပြီးတော့ ဗထူးပန်းခြံ ဆိုတာရှိတယ်။ အောင်ပန်းမှာ အဲဒီပန်းခြံထဲမှာ ရှေးမူမပျက် ပြန်လုပ်ပေးမှာ။ ကျွန်တော်တို့လည်း ကျဉ်းထဲကျပ်ထဲ ဒီဘက်မှာဆိုလည်း အိမ်တွေအများကြီးနဲ့။ ကျွန်တော်တို့လည်း သမိုင်းတန်ဖိုးကို တန်းဖိုထားတာပေါ့။ ကျွန်တော်တို့မြို့မှာ ဒါမျိုးရှိတာ ကျွန်တော် တို့က ဂုဏ်ယူနေရသေးတာ။ ။

ဦးသန်းဆွေ (ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး အငြိမ်းစား)

ရှမ်းပြည်နယ်ဆိုတော့ တို့ထားဝယ်သားလိုတော့ ဘယ်သံယောဇဉ်ရှိမှာလဲ။ ဒီလိုမရှိလို့ ဒီလိုလုပ်တာ ပေါ့၊ ကိုယ့်အမျိုးဖြစ်နေရင် ဘယ်လုပ်မလဲ၊ မလုပ်သင့်ဘူးလို့ ယူဆတယ်။ တကယ်လို့ လမ်းနဲ့မလွတ်ဘူးဆိုရင် လမ်းကိုရွှေ့ပြီးဖောက်ပေါ့၊ အထိမ်းအမှတ် ကျောက်တိုင်ကို ဖျက်ပစ်ပြီး ပြန်ဆောက်ပေးမယ်ဆိုတာကလည်း အဓိပ်္ပာယ်ဘယ်ရှိဦးမလဲ။ ဘယ်စိတ် ကောင်းမလဲကွယ်။ အခုသူတို့လုပ်နေတာတွေက အစိုးရက ဗိုလ်မှူးကြီး ဗထူးကို မပြောနဲ့ ။ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ သိက္ခာကျနေတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို ဖော်လံ ဖား ပြီးလိုက်ထူတယ်။ သူတို့က အတင်းဇွတ်လိုက်လုပ်နေတော့ ဗိုလ်ချုပ်အောင်ဆန်းတောင် သိက္ခာကျ နေသေးတယ်။         ။

မမိုးမိုးဝါ (ထားဝယ်သုတေသနအသင်း)

လုံးဝ မရွှေ့ခိုင်းစေချင်ဘူး၊ သမိုင်းမှတ်တမ်းတစ်ခုကို ဟိုရွှေ့သည်ရွှေ့ ဟိုပြောင်းသည်ပြောင်း လုပ်ရတာမျိုး မဟုတ်ဘူး၊ နောက်ထပ် သမိုင်းမှတ်တမ်းတွေကို ဟိုရွှေ့သည်ရွှေ့ မလုပ်စေချင်ဘူး၊ လမ်းတွေ ဘာတွလုပ်မယ် ဆိုလည်း ကွေ့ဝိုက်ပြီးတော့ ပတ်လမ်း တွေလိုမျိုး လုပ်စေချင်တယ်၊ ဗိုလ်မှူးဗထူးက ထားဝယ်သားဖြစ်ပေမယ့် လူမျိုးအတွက်ကာကွယ်ပေးခဲ့တဲ့သူပဲလေ၊ သူတို့အနေနဲ့ အခုလို ဖျက်ဆီးလိုက်တာ တန်ဖိုးမထားလို့ လုပ်လိုက်တာ။

Dawei Watch