သံချပ် ကြောက်သလား

0
1073

လာမည့် မဟာသင်္ကြန်ပွဲတော်တွင် သံချပ်ပြိုင်ပွဲ ၀င်ပြိုင်ကြရန်နှင့် ဆုကြေးငွေများ တိုးမြှင့်ပေးမည်ဟု တိုင်းနှင့် ပြည်နယ်အချို့မှ ဌာနဆိုင်ရာများက ဖိတ်ခေါ်ကြေညာနေသည်။

ထားဝယ်ရှိ တိုင်းအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်တွင်မူ ယခုနှစ်တွင်လည်း သံချပ်ထိုးသံ ကြားရမည် မဟုတ်ပေ။

တိုင်းအစိုးရ ဗဟိုမဏ္ဍပ်၏ ဖျော်ဖြေရေးအစီအစဉ်များ၊ ပြိုင်ပွဲ အစီအစဉ်များတွင် သံချပ် မပါဝင်ပေ။

သံချပ်ဖျော်ဖြေရန် ခွင့်ပြုပေးနိုင်ရေး အချိန်မရှိဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန် ကြီး ဦးဟိုပင်က မတ်လ ၂၁ ရက်တွင် ပြောသည်။

“ဗဟိုမဏ္ဍပ်အနေနဲ့ကတော့ ခွင့်ပြုပေးနိုင်ဖို့ အချိန်မရှိဘူး”ဟု ၀န်ကြီး ဦးဟိုပင်က ဆိုသည်။

ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ အက ပြိုင်ပွဲနှင့် ရပ်/ကျေးယိမ်းအဖွဲ့ အကပြိုင်ပွဲများ စုစုပေါင်း ၁၉ ဖွဲ့ခန့် ယှဉ်ပြိုင်ရန် ရှိသည့်အတွက် သံချပ်အဖွဲ့များအား အချိန်ပေးနိုင်မည်မဟုတ်ဟု ၀န်ကြီးက ဆိုသည်။

“ပြီးခဲ့တဲ့နှစ်တုန်းကလည်း အချိန် မပေးနိုင်ခဲ့ဘူး။ အခုနှစ်ဆိုရင် အချိန်ပို ကြပ်ဖို့ ရှိတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ သင်္ကြန်တွင်လည်း အထက်ပါအတိုင်း အချိန်မရဟုဆိုကာ ဗဟိုမဏ္ဍပ်တွင် သံချပ်ထိုးခွင့် မပြုခဲ့ပေ။

တိုင်းအစိုးရဗဟိုမဏ္ဍပ်မှ သံချပ် လက်မခံခြင်း၏ အကျိုးဆက်အဖြစ် အစိုးရလက်အောက်ခံ ကျန်ဌာနမဏ္ဍပ် များကလည်း အကြောင်းအမျိုးမျိုးပြ ငြင်းပယ်မှုများ ကြုံခဲ့ရကြောင်း ၂၀၁၈ ခုနှစ်က ထွက်ပေါ်ခဲ့သည့် သံချပ်အဖွဲ့ဝင်များက ပြောကြသည်။

ယင်းသို့ ကန့်သတ်မှုများကြောင့် ထားဝယ်မှ သံချပ်အဖွဲ့အချို့ ရပ်နားလိုက် ကြသည်။

ထားဝယ်မြို့နယ်မှ ရှင်မုတ္ထီး အမျိုး သားသံချပ်အဖွဲ့သည်လည်း ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေခွင့်မရသည်ကို ကြိုသိနေ သဖြင့် ယခုနှစ် သံချပ်အဖွဲ့မထွက်ဖြစ်တော့ဟု သံချပ်အဖွဲ့ခေါင်းဆောင် ကိုသက်စိုးပိုင်က ဆိုသည်။

“ဗဟိုမဏ္ဍပ်တောင်မှ ခွင့်မပြုဘူးဆိုရင် အခြားမဏ္ဍပ်တွေကရော သေချာပေါက် ထိုးခွင့်ပေးမယ်ဆိုပြီး ပြောနိုင်ပါ့ မလား၊ အကြီးဆုံးမဏ္ဍပ်ကတောင် ဒီလို လုပ်လိုက်မှတော့ ကျန်မဏ္ဍပ်သွားကြည့်။ လက်ခံမှာ မဟုတ်တော့ဘူး”ဟု ကိုသက်စိုးပိုင်က ပြောသည်။

ရှင်မုတ်္ထီး အမျိုးသားသံချပ်အဖွဲ့သည် NLD အစိုးရ မတက်ခင်အချိန်အထိ ဗဟိုမဏ္ဍပ်တွင် သုံးနှစ်ဆက်တိုက် ဖျော်ဖြေခွင့်ရခဲ့ပြီး တိုင်းအစိုးရမှ အ၀တ်အထည်နှင့် ကုန်ကျစရိတ်များ ထုတ်ပေးခဲ့ကြောင်း ပြောသည်။

ယခုနှစ်တွင် ရွာယိမ်းအဖွဲ့ထွက်ရန် အစည်းအဝေးလုပ်စဉ် အစိုးရမှ သံချပ်အဖွဲ့လည်း လိုချင်လိမ့်မည်ယူဆကာ မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောကြည့် သေးသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက အကြောက်အကန် ငြင်းခဲ့ကြောင်း ကိုသက်စိုးပိုင်က ပြောသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးက ဟာ…မလုပ်နဲ့ မလုပ်နဲ့တဲ့။ သူကတော့ အထက်က ညွှန်ကြားချက်အတိုင်းပြော တာပေါ့နော်။ ယိမ်းဆိုရင် ယိမ်းပဲလုပ် ဆိုတာမျိုး။ ယိမ်းဆိုယိမ်းပဲလုပ်တော့တဲ့ သံချပ်လုပ်မနေနဲ့တော့တဲ့”ဟု ကိုသက် စိုးပိုင်က ပြန်ပြောပြသည်။

ထိုသို့ အကြောင်းပြချက်တစ်ခုခု ဖြင့် သံချပ်များကို ငြင်းဆန်ကန့်သတ်နေ သည့်အတွက် တနင်္သာရီတိုင်းသား အချို့က တနင်္သာရီတိုင်း အစိုးရကို အမည်တစ်ခု ၀ိုင်းပေးကြသည်။ သံချပ်ကြောက် အစိုးရ။

“သံချပ်ကြောက်တဲ့ အစိုးရလို့ပဲ ပြောရမှာပေါ့”ဟု ထားဝယ်ကျောင်းသား သံချပ်အဖွဲ့တွင် ပါဝင်ခဲ့ဖူးသူ ကိုစည်သူနိုင်က ပြောသည်။

သံချပ်ဆိုသည်မှာ မြန်မာ့မဟာ သင်္ကြန်၏ အမှတ်လက်္ခဏာ တစ်ခုဖြစ်ပြီး ရပ်ရွာ၊ မြို့၊ တိုင်း၊ နိုင်ငံအဆင့်ဆင့် သော အစိုးရတို့၏ လုပ်ဆောင်မှုအလွဲများ၊ လူထုကြား ဖြစ်ပျက်ခဲ့သည့် ကမောက်ကမများ၊ လူထုသိသင့်သိထိုက် သည်များကို ပျော်စရာ၊ ပြုပြင်စရာ ဖြစ်စေရန် ဟာသနှော ထောက်ပြခြင်းသာ ဖြစ်ပြီး တစ်စုံတစ်ဦး၊ တစ်စုတစ်ဖွဲ့ ထိခိုက်နစ်နာစေရန် တိုက်ခိုက်ခြင်း မဟုတ်ကြောင်း တနင်္သာရီတိုင်းသား တို့က ပြောကြသည်။

လက်ရှိအစိုးရသည် လူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလေးထားသည့် ဒီမိုကရေစီအစိုးရ ဖြစ်သော်လည်း သံချပ်ကို ကန့်သတ်သည့် တိုင်းအစိုးရသည် လူထု၏ ဝေဖန်သံကို မကြားလိုသည့်သဘော သက်ရောက်နေကြောင်း ပြောကြသည်။

“ရယ်စရာကောင်းသလို မှန်တာ တွေပြောတာဆိုတော့ အစိုးရအနေနဲ့ ပြင်လိုက်ရုံပဲလေ၊ အရင်က လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ် ပြောနေပြီး ခုက လိုက်ကန့်သတ်နေရင်တော့ ပြည်သူ ကိုလိမ်တာပဲပေါ့၊ အမှန်တရားကို အများသိအောင် သရုပ်ဖော်တာပဲ၊ လူအုပ်ထဲ ဗုံးလာခွဲမယ်ထင်သလို တား မြစ်နေတာကတော့ အစိုးရအနေနဲ့ ရှက်သင့်ပါတယ်”ဟု ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်နေ ဒေါ်ဝင်းဝင်းက ပြောသည်။

ကော့သောင်းတွင်မူ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကျင်းပရေး ကော်မတီအစည်းအဝေး မကျင်းပရသေး သဖြင့် ဗဟိုမဏ္ဍပ်တွင် သံချပ်ဖျော်ဖြေခွင့် ပြုမပြု မပြောနိုင်သေးဟု ယင်းကော်မတီ ဥက္ကဋ္ဌဖြစ်သည့် ကော့သောင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက ပြောသည်။

မြိတ်တွင်မူ ဗဟိုမဏ္ဍပ်တွင် ဖျော် ဖြေရန် သံချပ်အဖွဲ့များကို ဖိတ်ခေါ်ထား ခြင်းမျိုး မရှိသေးသကဲ့သို့ သံချပ်အဖွဲ့များ ကလည်း အခုချိန်အထိ လာရောက်ဆက် သွယ်ကြသည်မျိုး မရှိသေးကြောင်းနှင့် လာရောက်တောင်းဆိုလာပါက သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြပြီး ခွင့်ပြုချက် တောင်းခံပေးသွားမည်ဖြစ် ကြောင်း မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင် ကပြောသည်။

ယခုနှစ် သံချပ်ထွက်ရန် ပြင်ဆင် နေသည့် ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ၏ ဒေါင်းတို့အားမာန်သံချပ် အဖွဲ့ကမူ မည်သည့်မဏ္ဍပ်ပေါ်မှ တက်မည်မဟုတ်ဟု ဆိုသည်။

တနင်္သာရီတိုင်းအတွင်းမှ သံချပ်ပရိသတ်များကမူ တိုင်းအစိုးရအနေဖြင့် ပြိုင်ပွဲ မကျင်းပပေးသည့်အပြင် ယင်းသို့ ဗဟိုမဏ္ဍပ်တွင် သံချပ်ထိုးခွင့်ကို အကြောင်း ပြချက်တစ်ခုခုဖြင့် ကန့်သတ်တားမြစ် ခြင်းမှာ မဖြစ်သင့်ဟု ပြောကြသည်။

လက်ရှိအစိုးရအနေဖြင့် သံချပ်စာ သားများတွင် ငြိမ်းချမ်းရေးကို ထိခိုက် စေသည့်စကားလုံးများ၊ အာဏာပိုင်အဖွဲ့ အစည်းကို ထိခိုက်စေသည်များ ပါလာ မည်ကို ကြောက်နေသည်ဆိုပါက သံချပ် အဖွဲ့ခေါင်းဆောင်များကို ခေါ်ယူပြီးတွေ့ ဆုံပြီး  လက်ရှိ ပကတိအခြေအနေကို ၎င်းတို့ နားလည်သဘောပေါက်အောင် ရှင်းပြဆွေးနွေးကာ ခွင့်ပြုသင့်ကြောင်း ထားဝယ်မြို့မှ ဂီတ၀ါသနာရှင် ဦးသန်းစိန်က ပြောသည်။

“ခွင့်ပြုသင့်တယ်လို့ ယူဆတယ်။ အစဉ်အလာလည်း ရှိလာတယ်၊ ဆိုရှယ် လစ်ခေတ်ကတည်းကလည်း သံချပ်ဆို တာ ထိုးလာကြတယ်။ လုံးဝမထိုးခိုင်းဘူး ဆိုတာက မဖြစ်သင့်ဘူး”ဟု ဦးသန်းစိန်က ပြောသည်။

ယခင်ဝန်ကြီးချုပ် ဦးမြတ်ကိုလက်ထက်က သံချပ်အဖွဲ့များမှ စပ်ဆိုထား သည့် သံချပ်စာသားများကို ခရိုင်အုပ် ချုပ်ရေးမှူးသို့ တင်ပြကာ စာသားများ အပြန်အလှန် တိုင်ပင်ညှိနှိုင်းပြင်ဆင်ပြီး ခွင့်ပြုခဲ့ကြောင်း သံချပ်အဖွဲ့များက ပြောသည်။

တနင်္သာရီဂျာနယ်မှ မေးမြန်းသူ အားလုံးက မဟာသင်္ကြန်ပွဲတော်တွင် တစ်နှစ်တစ်ခါ အမုန်းခံပြီးဟာသနှော သည့် သံချပ်ဖြင့် ထောက်ပြဝေဖန်သံများ ကို အစိုးရဗဟိုမဏ္ဍပ်များပေါ် တွေ့လို ကြားလိုကြောင်း ပြောကြသည်။

“ပြည်သူ့အစိုးရကလည်း အရင် အစိုးရတွေလို ဘာကိုကြောက်မှန်းမသိ ကြောက်နေတယ်။ ကိုယ့်လိပ်ပြာ ကိုယ် လုံရင် သံချပ်ထိုးတဲ့ အဖွဲ့တွေကို ကြိုဆို လက်ခံပါလို့ပဲ ပြောချင်ပါတယ်”ဟု ကော့သောင်းမှ လောကနတ်သံချပ်အဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းက ပြောသည်။

သံချပ်ကြိုက်သော တိုင်းသားအချို့၏ အသံ

ဦးခင်မောင်သန်း(နိုင်ငံရေးလေ့လာသူ၊ မြိတ်)

အစိုးရတက်လာကတည်းက ပွင့်လင်းမြင်သာ အောင် လုပ်မယ်လို့ပြောပြီး တက်လာတာ။ ပြည်သူတွေ က သံချပ်လေးထိုးပြီး ပြုပြင်စရာတွေ ပြောလာရင် လက်ခံပေးရမယ်။  အမှားကင်းတဲ့အစိုးရ ဆိုတာ မရှိဘူး။ သံချပ်မပါရင် သင်္ကြန်ဟာ ဆားမရှိတဲ့ ဟင်းပဲ။ ငယ်ငယ်ကတည်းက နားထောင်လာတာ ဒီအစိုးရလက် ထက်မှာ ပြန်နားထောင်ရဖို့ မျှော်လင့် ထားတယ်။ တစ်နှစ်လုံး ဖြစ်ပျက်သမျှ ကိစ္စကို သံချပ်ကဟာသနှောပြီး ထောက်ပြတာလေ။ ခွင့်မပြုရဲတာ ကြောက်တာပဲ။ အမှားကိုဝန်မခံရဲဘူး ပွင့်ပွင့်လင်းလင်းဝေဖန်ခြင်းကိုကြောက်တာ အစိုးရ ကောင်းတစ်ရပ်ရဲ့လုပ်ရပ်မဟုတ်ဘူး။

ဦးမောင် (အေးရိပ်ငြိမ်၊ ကော့သောင်း)

သံချပ်က တကယ်ဆို အစိုးရရဲ့လို အပ်ချက်ကို မီးမောင်းထိုးပြတာပါပဲ၊ တိုက်ခိုက်တာလို့ မမြင်စေချင်ဘူး၊ သေနတ်နဲ့လာပစ်နေတာမှမဟုတ်တာ။

ဦးလှိုင်တင်(မြို့သစ်ရပ်ကွက်၊မြိတ်)

ပွင့်လင်းမြင်သာတဲ့အစိုးရတစ်ရပ်မှာ သံချပ် ဆိုတာမျိုးက ခွင့်ပြုပေးသင့်တယ်။ အဖွဲ့ပေါင်းစုံက အမြင်ပေါင်းစုံနဲ့ဒီအချိန် မှာ Free ပြောတာဆိုတော့ ကိုယ်တစ်နှစ် လုံးဖြစ်ပျက်နေတာကို ကိုယ်သိသွားရ တယ်။ မဆလခေတ်ကတောင် သံချပ်ထိုးလို့ရသေးတာ အစိုးရက ဘာကိုကြောက်နေသလဲလို့ မေးစရာ ဖြစ်သွားမယ်။ သင်္ကြန်ဆိုတာလည်း သံချပ်လေးပါမှ အနှစ်သာရရှိတာ။ စိစစ်ပြီးခွင့်ပြု သင့်တာတွေခွင့်ပြု ပေးသင့်တယ်။

သံချပ်ထိုးတဲ့အဖွဲ့တွေက အရင်အစိုးရ လက်ထက် ကတည်းက ပစ်ပစ်ခါခါ လုပ်လာတာ။ အခု ပြည်သူအစိုးရလက်ထက်မှာ ဖိတ်ခေါ်ပြီး သံချပ်မျိုး ဆက်အဖွဲ့တွေ မွေးထုတ်ပေးနိုင်မယ် ထင်ခဲ့တာ။ ထင်သလို ဖြစ်မလာခဲ့တော့ ၀မ်းနည်းစိတ်မကောင်း ဖြစ်ရတယ်။

သံချပ်အဖွဲ့တွေကို လက်ရှိအစိုးရ ယန္တရားကြီး တစ်ခုလုံးမှာ အမှားမြင်အမှန်ပြင် အကောင်းတွေ ဖြစ်စေချင်လို့ ထိုးကြတယ် ခေတ်ရေစီးကြောင်း အလိုက် ပြောင်းလဲလာတဲ့ လူနေမှုအကျင့်စရိုက် နေထိုင်ပြောဆိုမှုတွေကို မီးမောင်းထိုးပြတာ ဘယ်သူ ဘယ်ဝါ ထိခိုက်ပါစေဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်တာ မဟုတ်ပါဘူး။

 ကိုအောင်ထိုက်၊ ကနိုင်းဒါကျေးရွာ

ကျွန်တော်တို့ လူငယ်ပိုင်းတွေကတော့ သံချပ်ထိုးတာ နှစ်သက်တယ်။ ကြိုက်လည်းကြိုက် တယ်။ နောက်ဆုံး ကျွန်တော်တို့ ကိုယ်တိုင်လည်း အရင်တုန်းက သံချပ်ထိုးတယ်၊ ပြောရေးဆိုခွင့် ရသည်မရသည် အပထား။ သံချပ်ထဲ ကနေပြီး ပြောခွင့်ရတာ လူကြီးတွေရော လူထုရော အားလုံး ကြားတာပေါ့နော်၊ ကောင်းလည်း ကောင်းတယ်၊ ဗဟုသုတလည်း ရတယ်၊ သံချပ်ဆိုတာက အပြင် လူတွေ မပြောရတာတွေကို သံချပ်ထိုးပြီး တစ်နှစ်စာ အလွဲတွေကို ဟာသသဘော ပြောလိုက်တာလို့ပဲ မြင်တယ်။ သူတို့ လုပ်ထားရင် လုပ်ထားတဲ့အတိုင်း တစ်နှစ် စာထဲမှာ သူတို့ဖြစ်တဲ့ ကိစ်္စတွေ ထားဝယ် မှာလည်း ဖြစ်ရင်ဖြစ်တဲ့ကိစ္စတွေ ဖြစ်တဲ့အတိုင်း သူထိုးမှာ၊ ကျွန်တော်တို့အနေနဲ့ တိုင်းအစိုးရကို တောင်းဆိုချင်တာကတော့ ခွင့်ပြုပါဆိုပြီးတော့ အနူးအညွတ် တောင်းဆိုချင်တယ်၊ ဗြဟ္မစိုရ်တရား လေးပါးနဲ့ အုပ်ချုပ်နေတဲ့ ဒီမိုကရေစီခေတ် ဆိုတော့ ခွင့်လွှတ်ပေးသင့်တာလည်း ခွင့်လွှတ်ပေးရမယ်။ နားလည်ပေးသင့် တာလည်း နားလည်ပေးရမယ်။ ပြည်သူအနေနဲ့ တောင်းဆိုချင်တာကတော့ ထိုးခွင့် ပေးလိုက်ပါနော်။

 ကိုမျိုးဝင်းထိုက်၊ ညောင်ဇင်စံပြ ကျေးရွာ

ရွာမှာဆို ရွာရေးရပ်ရေး၊ မြို့နယ်မှာဆို မြို့နယ် ရေး အကုန်လုံးပါတယ်၊ တစ်နှစ်စာအလွဲတွေကို ဟာသနှောပြီးတော့ ရင်ဖွင့်တယ်၊ ကန့်သတ်တာကို တစ်ခါတစ်လေလည်း အစိုးရကို အပြစ်ပြောမရဘူး၊ သူတို့လည်း လွတ်လွတ်လပ်လပ် အုပ်ချုပ်ရတာ မဟုတ်ဘူးလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှိသေး တယ် မဟုတ်ဘူးလား။ သူတို့ ထိုးလိုက်တာ တပ်မတော် မှာ သွားငြိသွားတယ်ဆိုရင် သူတို့ရှင်းရမယ်လေ။

ကန့်သတ်တဲ့ အပေါ်မှာတော့ သူတို့ ကိုယ်တိုင် နိုင်ငံရေးနုနေသေးလို့ နားမလည်သေးလို့လို့ ထင် တာပဲ။

တကယ်က ဒီမိုကရေစီဆိုရင် ဝေဖန် ရမယ်လေ။ ပြောရမယ်လေ၊ လွတ်လပ် စွာသဘောထားကွဲလွဲခွင့် ရှိတယ်လေ၊ သံချပ်ထိုးဖို့ ကန့်သတ်နေတာကို သဘော တော့ မကျဘူး၊ တကယ်လို့ နောက်ကွယ်က ဘယ်လို အကြောင်းမျိုးရှိလဲမသိဘူးလေ။ သူတို့ ကိုယ်တိုင်ကို လက်ရှိအစိုးရ တက်ဖြစ်နေတဲ့သူတွေ အရင်တုန်းက စစ်အစိုးရကို တော်လှန်နေလူတွေပဲ။

 ဒေါ်ခင်ခင်ချို (ကညုံရပ်ကွက်)

 သံချပ်ရှိမှပဲ သင်္ကြန်နဲ့ လိုက်ဖက်ပြီး သံချပ် မရှိရင် သင်္ကြန်က ခြောက်ကပ်ကပ်နေမှာပေါ့။  ဒီလွတ်လပ်ခွင့်၊ အနုပညာကို ပိတ်ပင်တာတော့ မကောင်းဘူးပေါ့။ သံချပ်ဆိုတာ လူတိုင်းကြိုက်ကြ တာလေ။                 ။

Dawei Watch