ဝန်ကြီးချုပ်ဟောင်း၏ ထောင်မှတရားခွင် ပထမနေ့

ဓာတ်ပုံ - ဖိုးချမ်း
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မတ်လ ၂၅ ရက်၊ နွေနေ့လယ်။ ထားဝယ်မြို့ ရေးလမ်းပေါ်က တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော်ရှေ့မှာ သတင်းထောက်တစ်စု နေပူဒဏ်ကို လျစ်လျူရှုပြီး ထားဝယ်ထောင်ကနေ မောင်းလာမယ့် အထူးယာဉ်တန်းတစ်ခုကို သဲကြီးမဲကြီး မျှော်နေကြတယ်။

မွန်းလွဲ ၁ နာရီကျော်မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဘက်က တရားလိုတွေ တရားရုံးကို ရောက်လာပြီဆိုတော့ အထူးယာဉ် တန်းလာမယ့်လမ်းက မျက်လုံးတွေ မခွာရဲ။ ကင်မရာက တပြင်ပြင်။

၂ နာရီ ၁၅ မိနစ်။ ရဲတပ်သားအပြည့် တင်ဆောင်လာတဲ့ ကားတစ်စီး တိုင်းတရား လွှတ်တော်ရှေ့ လမ်းဘေးကပ် ထိုးဆိုက်လာတယ်။ ကားနောက်ခန်းက ရဲတပ်သား တွေက ကားပေါ်က ခုန်ဆင်းလာတယ်။

သူတို့လက်ထဲ သေနတ်တွေ ကိုင်ဆောင်ထားတာကိုတော့ မတွေ့ရ။ ဒါပေမယ့် အထူးတာဝန်တစ်ရပ် ထမ်းဆောင်ရတော့မယ့် ရဲတပ်ဖွဲ့ဝင်တို့ရဲ့ မျက်နှာထားမျိုးနဲ့ တိုင်းတရားလွှတ်တော် လွှတ်တော်ဝင်းထဲ မာန်ပါပါနဲ့ ချီတက် ၀င်ရောက်သွားတယ်။

တရားလွှတ်တော် ဆင်ဝင်ရှေ့မှာ ရဲတပ်သား ၂၀ ကျော်လောက်က အသင့်ပုံစံ တန်းစီ နေရာယူလိုက်ကြတယ်။

၂ နာရီ ၂၀ မိနစ်။ ခုနက ၀င်လာတဲ့ ရဲတပ်သားတွေ နေရာယူလို့ ပြီးချိန်မှာပဲ နှစ်ခန်းတွဲ နောက်အမိုးဖွင့် ရဲကား ၃ စီး ရေးလမ်းအတိုင်း အရှိန်ပြင်းပြင်း မောင်းလာတယ်။ ပြီးတော့ တိုင်းတရားလွှတ်တော် ၀င်းထဲ ကွေ့ဝင်လိုက်တယ်။

ရှေ့ဆုံးကား ဆင်ဝင်အောက်ရောက် ပြီး ကားတန်းရပ်လိုက်ချိန်မှာပဲ ခုနက အသင့်နေရာယူထားတဲ့ ရဲတပ်သားတွေက ကားတန်းကိုကာပြီး ရပ်လိုက်တယ်။

ယာဉ်တန်းနဲ့အတူ ပါလာတဲ့ ရဲတပ်သားတွေလည်း ကားပေါ်က အပြေးအလွှားဆင်းပြီး ကားတန်းဖက် မျက်နှာမူပြီး ခပ်စိပ်စိပ် ရပ်လိုက်တော့မှ သူတို့ ရည်ရွယ်ချက်ကို သဘောပေါက်ရ တယ်။

တရားစွဲခံထားရသူတွေ ကင်မရာ မြင်ကွင်းထဲ ပါမသွားရေး ကာကွယ်ပေး သည့်သဘော။

သတင်းထောက်တွေ၊ လာကြည့်တဲ့ မြို့ခံတွေကို ရုံးဝင်းပြင်ပမှသာ ဓာတ်ပုံ၊  ဗွီဒီယို ရိုက်ရမယ်လို့ တရားရုံး တိုင်းက ကန့်သတ်ထားတယ်။

ရဲတပ်သားတွေ ကွယ်ပေးထားလိုက်တာ ရုံးအပေါက်ဝက ဓာတ်ပုံဝိုင်းရိုက် နေသူတွေဟာ ကားပေါ်ပါလာတဲ့ အဂတိ အမှုဖြင့် တရားစွဲခံရသူတွေကို မည်သူမျှ ဓာတ်ပုံ(သဲသဲကွဲကွဲ) ရိုက်ခွင့် မရလိုက်။ ကြိုတင် စာရင်းသွင်းထားတဲ့ သတင်းထောက် တွေက တိုင်းတရားလွှတ်တော် တရားခွင် ထဲ ၀င်ခွင့်ရတယ်။ တိုင်းတရား လွှတ်တော်တရားခွင်မှာ မြို့နယ်နှင့် ခရိုင်တရားရံးများတွင် တွေ့ရလေ့ရှိသည့် တရားလို၊ တရားပြိုင်၊ သက်သေများကို စစ်မေးရန် ထိုင်ခိုင်းသည့်နေရာ (အရပ် အခေါ် ၀က်ခြံ)ကို  မတွေ့ရဘူး။ တရားခွင်မှာ တိုင်းတရားသူကြီးက ထိပ်ဆုံးက ခုံမြင့်မှာ အသင့် ထိုင်နေတယ်။

တရားသူကြီးရှေ့ စားပွဲရှည်တစ်ခု ရှိပြီး စားပွဲရဲ့ တစ်ဖက်တစ်ချက်မှာ အနက်ရောင်ဝတ် တာဝန်ရှိသူ ၆ ဦး မျက်နှာချင်းဆိုင် ထိုင်နေကြတယ်။

တရားသူကြီးနဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံတန်းရှည်မှာ ထိုင်နေသူများအကြား ထူးခြားစွာ ပေါ်လွင်နေသူက ၀န်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော်။

ဒေါက်တာလဲ့လဲ့မော်က ပြာနက်ခံ ပန်းပွင့်ရိုက် အိမ်နေရင်းအ၀တ် ၀မ်းဆက် လေးကို ၀တ်ဆင်ထားတယ်။ သူမရဲ့ လက်ထဲမှာတော့ ပါဝါမျက်မှန်တစ်လက် ထည့်ထားတဲ့ မျက်မှန်ဘူးအကြည်လေးကို ကိုင်ထားတယ်။ လက်ကောက်ဝတ်မှာ တော့ လက်ထိတ်ခတ်ထားခြင်း မရှိ။ သူ့နောက်မှာတော့ ရဲမေ ၃ ယောက်က သတိအနေအထားနဲ့ ရပ်နေကြတယ်။

ဒေါက်တာလဲ့လဲ့မော်ရဲ့ တစ်ဖက် တစ်ချက်မှာ ထိုင်နေသူများက GGS ကုမ္ပဏီမှ တာဝန်ရှိသူများ။ ကုမ်္ပဏီဥက်္ကဋ္ဌ ဦးသိန်းထွေး၊ အထွေထွေမန်နေဂျာ ဦးသူရအုံ၊ ဒါရိုက်တာ ဦးအောင်မြတ်တို့ ကိုတော့ လက်ထိပ်ကိုယ်စီ ခတ်ထားတယ်။ အားလုံးက အဖြူဘက်လုတဲ့ အင်္ကျီတွေ ၀တ်ဆင်ထားကြပြီး အ၀တ်တွေက တွန့်တွန့်ကြေကြေ မဟုတ်။

ဒေါက်တာလဲ့လဲ့မော် အပါအ၀င် သူတို့အားလုံးရဲ့ မျက်နှာအမူအရာက အနည်းငယ် ညိုမှိုင်းနေကြပြီး မျက်လွှာ ကိုယ်စီ ချထားကြတယ်။ သူတို့ မျက်လုံး တွေကတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက် ရှိနေကြဆဲသူတွေမှာ တွေ့ရတတ်တဲ့ မျက်လုံးမျိုး။

တရားသူကြီးက အမှုကို ဖတ်ပြတယ်။

ဝန်ကြီးချုပ်တစ်ဦးတည်းကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၄ မှု၊ GGS ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေးနဲ့ ဒါရိုက်တာ ဦးအောင်မြတ်တို့ကို ၅၅/၆၃ နဲ့ ၂ မှု၊ ဦးသူရအုံကို ပုဒ်မ ၅၅/၆၃နဲ့ တစ်မှု တရားစွဲထားတဲ့အကြောင်းတွေ အမှုဖွင့်ထားတာကို တိုင်းတရားလွှတ်တော် က လက်ခံခဲ့ကြောင်းတွေ ရှင်းပြတယ်။

ဖတ်ပြပြီးတော့ တရားစွဲခံရသူတွေ ကြည့်ပြီး မေးတယ်။

“ဘာတင်ပြစရာ ရှိသေးလဲ”

“မရှိပါဘူး”လို့ ဒေါက်တာလဲ့လဲ့မော်က ပြန်ဖြေတယ်။

“ရှေ့နေငှားဖို့ ရက်ချိန်းတစ်ခု ပေးမယ်”လို့ တရားသူကြီးက ပြောတော့၊

“ရပါတယ်၊ ပေးချင်တဲ့အချိန် ပေးပါ”လို့ ဒေါက်တာလဲ့လဲ့မော်က ပြန်ပြောတယ်။

အသံတွေက မာတောက်တောက် လည်းမဟုတ်၊ ဖျော့တော့တော့လည်း မဟုတ်။ အားပြည့်မာန်ပြည့်လည်း မဟုတ်။ အထစ်ထစ် အငေါ့ငေါ့လည်း မဟုတ်။

တရားသူကြီးက GGS တာဝန်ရှိသူ တွေကို မေးတော့ “မနက်ဖြန် ချိန်းပေးပါ၊ ရှေ့နေငှားဖို့”လို့ ဦးအောင်မြတ်က ထဖြေတယ်။

တရားသူကြီးက အဲလို ချက်ချင်း ဆောင်ရွက်လို့ မရကြောင်း ရှင်းပြပါ တယ်။

ဒေါက်တာလဲ့လဲ့မော်ကလည်း မတ်လ ကုန်လောက်မှ ရုံးချိန်းဖို့ တောင်းဆိုတယ်။

“ရှေ့နေငှားဖို့ ပြောပြီးပါပြီ၊ ရက်ချိန်း မရသေးလို့ပါ၊ လကုန်ဆို အဆင်ပြေပါ မယ်”လို့ ဒေါက်တာလဲ့လဲ့မော်က တရားသူကြီးကို တင်ပြတယ်။

နောက်ဆုံးမှာ ရှေ့နေပါဝါ တင်မယ့် ရက်ကို ဧပြီလ ၄ ကို ရုံးချိန်း အတည်ပြု လိုက်တယ်။

အတည်ပြုပြီး တရားသူကြီးက ရပါပြီလို့ ပြောချိန်မှာ ၂ နာရီ ၄၀ မိနစ်။

ဒေါက်တာလဲ့လဲ့မော်က ထရပ် တယ်။

ရဲ/ရဲမေတွေလည်း ကမန်းကတန်း လှုပ်ရှားကြတယ်။ ဒေါက်တာလဲ့လဲ့မော် ရှေ့နောက်က ထပ်ကြပ်မကွာ လိုက်ကြ တယ်။

GGS တာဝန်ရှိသူတွေကိုတော့ ရဲတွေက လက်ထိတ်ကို ကိုင်ပြီး ကားဆီ ခေါ်သွားကြတယ်။

ရုံးဝင်းအပြင်က ကင်မရာမင်းတွေ၊ သတင်းထောက်တွေက ထုံးစံအတိုင်း တရားစွဲခံထားရသူတွေကို ဓာတ်ပုံ ရိုက်ခွင့် မရလိုက်ကြဘူး။ ရဲတွေက ကင်မရာမြင်ကွင်းနဲ့ တရားစွဲခံရသူ တွေစီးမယ့် အထူးယာဉ်တန်းအကြား ခပ်စိပ် စိပ်နေရာယူ ကွယ်ပေးထားကြတယ်။ ဒေါက်တာလဲ့လဲ့မော်က နှစ်ခန်းတွဲ ရဲကား ယာဉ်အမှတ် 1K 4011 ပေါ် နောက်ခန်း တံခါးပေါက်မှ တက်သွား တယ်။ GGS တာဝန်ရှိသူတွေက နှစ်ခန်းတွဲ ရဲကား ယာဉ်အမှတ် 7B 5775 ပေါ် တက်သွား ကြချိန်မှာ ရဲတချို့က နောက်ခန်းက ခုန်တက်လိုက်ကြတယ်။

တိုင်းတရားရုံးအပြင်မှာတော့ လူအတော်စည်ကားနေပါပြီ။

ထားဝယ်မြို့ခံတချို့က မနက် ၉ နာရီခွဲကတည်းက မြို့နယ်တရားရုံးရှေ့မှာ ဇွဲကောင်းကောင်းနဲ့ စောင့်နေကြတာပါ။

သူတို့ဟာ ဘယ်ကားမှာ ဘယ်သူပါတယ် ကောင်းစွာ မသိလိုက်ကြပါဘူး။

ဒါပေမယ့် ယာဉ်တန်းက ထားဝယ် ထောင်ဆီကို မောင်းသွားမှာကိုတော့ လူတိုင်း သိနေကြပါတယ်။

အဲဒီနေ့ နံနက်မှာ တနင်္သာရီတိုင်း ၀န်ကြီးချုပ်သစ် ကျမ်းကျိန်ခဲ့ပါတယ်။

ကျမ်းကျိန်ပြီး ပထမဆုံးပြောတဲ့ မိန့်ခွန်းထဲ အဓိကကျတဲ့ ကတိပြုချက်တစ် ခု ပါဝင်ခဲ့တယ်။

“အဂတိကင်းစင်တဲ့ အစိုးရတစ်ရပ် ဖြစ်ရေး”

မင်းခန့်