ရပ်ရွာအခြေအပြု လူကုန်ကူးစောင့်ကြည့်ရေးအဖွဲ့ဥက္ကဋ္ဌ ဖြစ်နေသည်ကို ကာယကံရှင်များပင် မသိ

0
795

ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရသည်ကို ကာယကံရှင် အုပ်ချုပ်ရေးမှူးများပင် မသိရှိကြောင်း တနင်္သာရီအပတ်စဉ်၏ စုံစမ်းမေးမြန်းမှုအရ သိရသည်။

ဥက်္ကဋ္ဌအဖြစ် ပါဝင်နေသည်ကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအများစုက မသိကြသည့်အပြင် ယင်းအဖွဲ့များ ဖွဲ့ထားသည်ကိုပင် မသိရှိကြကြောင်း ထားဝယ်ခရိုင်ရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူး အချို့က ဆိုသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ဖွဲ့စည်းပေးထားသည့် ရပ်ကွက်၊ ကျေးရွာအလိုက် ရပ်ရွာအခြေပြု လူကုန်ကူးမှု စောင့်ကြည့်ရေးအဖွဲ့တွင် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ဥက်္ကဋ္ဌအဖြစ် ပါဝင်နေပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူး စသည်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

ယင်းအဖွဲ့များကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် စတင်ဖွဲ့စည်းထားပြီး ယနေ့အချိန်အထိ ယင်းအဖွဲ့မှာ တရားဝင်ရှိနေဆဲဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အမှတ် (၁၀) တပ်ဖွဲ့စုမှူးရုံး(ထားဝယ်) မှ တာဝန်ရှိ အရာရှိတစ်ဦးက ပြောသည်။

“ဒီအဖွဲ့က လူကုန်ကူးမှု တွေကို ကြိုတင်ကာကွယ်ရေးအတွက် သတင်းရ ယူစုဆောင်းနိုင်အောင် ဖွဲ့ထားတာ။ အုပ် ချုပ်ရေးမှူးတာဝန်ယူလိုက်တာနဲ့ အလိုအလျောက် ဖွဲ့စည်းပုံအရ ဥက္ကဋ္ဌ ဖြစ်သွားတယ်”ဟု ၎င်းရဲအရာရှိက ဆိုသည်။

ထားဝယ်ခရိုင်ရှိ မြို့နယ်တစ်မြို့ နယ်လျှင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး သုံးဦးနှုန်းဖြင့် စုစုပေါင်း ၁၂ ဦးကို မေးမြန်းရာ ဆယ်ဦးမှာ ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ပါဝင်နေသည်ကို မသိရှိကြောင်းနှင့် ယင်းအဖွဲ့ ဖွဲ့ထားသည်ကိုပင် မသိရှိကြောင်း ဖြေဆိုကြသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့မှာ အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင် သည်မှာ လပိုင်းမျှသာရှိသေးသဖြင် မသိရကြောင်းနှင့် အချို့မှာ ယင်းအဖွဲ့အကြောင်းကြားဖူးခြင်းပင် မရှိဟုဖြေဆို ကြသည်။

“အဲဒီအဖွဲ့နဲ့ပတ်သက်ပြီး ဘာမှ မကြားရပါလား ရှိတယ်ဆိုပြီးတော့။ အရင်တုန်းကလည်း ဖွဲ့ထားတဲ့အဖွဲ့ရှိ တယ်ဆိုတာလည်း မကြားရဘူး။ တို့ဖက်မှာ ဒီလိုအမှုမျိုးက မရှိသလောက်ပဲ။ ကြားလည်းမကြားရဖူးဘူး”ဟု ရေဖြူမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။

သရက်ချောင်းမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးကလည်း ရပ်ရွာ အခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့် ရေးအဖွဲ့ရှိသည်ကို ကြားဖူးသော်လည်း ယခင်အုပ်ချုပ်ရေးမှူးများထံမှ တာဝန် လွှဲပြောင်းခဲ့ခြင်းမျိုး မရှိခဲ့ဟု ဆိုသည်။

ရပ်ရွာအခြေပြု လူကုန်ကူးမှု ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့များတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌ အဖြစ် ပါဝင်နေကြောင်း ရပ်/ကျေး အုပ်ချုပ် ရေးမှူးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တဆင့် အသိပေးဆောင်ရွက်နေကြောင်း အမှတ် (၁၀) တပ်ဖွဲ့စုမှူးရုံး (ထားဝယ်) မှ တာဝန်ရှိအရာရှိတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းတွင် ၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်အထိ လူကုန်ကူးမှု တစ်မှု၊ လူမှောင်ခိုမှုတစ်မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်သည့် တရားခံ ၇ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း အမှတ် (၁၀) တပ်ဖွဲ့စုမှူးရုံး(ထားဝယ်) ထံမှ သိရသည်။

ကျော်သူစိုး