လှေထေးသည့်ဆရာတပည့် စကားများရာမှ လူသတ်မှုဖြစ်

0
854

မြိတ်တွင် လှေထေးလုပ်ငန်းလုပ် ကိုင်သည့် ဆရာတပည့် စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြိတ်မြို့မရဲစခန်း ထံမှသိရသည်။

လှေထေးလုပ်ငန်းဆိုသည်မှာ သစ်သားလှေများတွင် စပ်ကြောင်းများမှ ရေမ၀င်အောင် လုပ်ဆောင်ရသည့် လုပ်ငန်း ဖြစ်သည်။

မတ်လ ၂၈ ရက် ည ၁၀ နာရီခန့်က မြိတ်တောင်ကျေးရွာအုပ်စု၊ ရာပြည့်ရပ် ကွက်တွင် အသက် ၄၃ နှစ်အရွယ် ဆရာ ဖြစ်သူနှင့် အသက် ၃၉ နှစ်အရွယ် တပည့်တို့ အရက်အတူ သောက်ခဲ့ကြပြီး စကားများကြရာ ဆရာဖြစ်သူက အိမ်သို့ ပြန်လာခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။

အိမ်သို့ ပြန်လာပြီး ထမင်းစားနေစဉ် တပည့်ဖြစ်သူက  နေအိမ်၏ တိုင်လုံးအား အရိုးအသွား ၂၅ လက်မရှိ ဓားရှည်တစ်ချောင်းဖြင့် လာခုတ်ခဲ့ကြောင်း အိမ်နီးချင်းများထံမှ သိရသည်။

ယင်းကြောင့် ဆရာဖြစ်သူက အိမ်ရှေ့ ထွက်ပြောရာမှ လုံးထွေးသတ်ပုတ်ခဲ့ကြပြီး ခဏအကြာတွင် တပည့်ဖြစ်သူမှာ လည်ပင်းတွင် ပြရှထားသည့် ဒဏ်ရာနှင့် ၀မ်းဗိုက်တွင် အူထွက်ကာ သေဆုံးနေခဲ့ကြောင်း အိမ်နီးချင်းများထံမှ သိရသည်။

ဆရာဖြစ်သူမှာလည်း ဘယ်လက် တွင် ပြတ်ရှသည့် ဒဏ်ရာတစ်ချက်ရခဲ့ပြီး သေဆုံးနေသည့် တပည့်နံဘေးတွင် ထိုင်လျက်ရှိနေခဲ့သည်ဟု မြို့မရဲစခန်းနှင့် အိမ်နီးချင်းများထံမှ သိရသည်။

အဆိုပါ ဆရာတပည့်နှစ်ဦးမှာ အိမ်ချင်းကပ်လျက် နေထိုင်ပြီး အလွန်ရင်းနှီး သူများဖြစ်သည်ဟု အိမ်နီးချင်းများက ဆိုသည်။ လက်ရှိတွင် တရားခံဟု ယူဆရသည့် ဆရာဖြစ်သူအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြိတ်မြို့မ ရဲစခန်းထံမှ သိရသည်။

ကိုဆန်း