မြိတ်မြို့ပေါ် ရပ်ကွက်များ ရေပြတ်က ဆက်သွယ်ပါ

0
561

မြိတ်မြို့ပေါ်ရှိ သောက်သုံးရေပြတ် လပ်နေသည့်ရပ်ကွက်များအနေဖြင့် ဆက်သွယ်နိုင်ကြောင်း မြိတ်မြို့မှ သောက်သုံးရေရရှိရေး ကူညီပေးနေသည့် အဖွဲ့ထံမှ သိရသည်။

သောက်သုံးရေ အမှန်တကယ် ပြတ်လပ်နေသည့် ရပ်ကွက်များအနေဖြင့်  သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မှတစ်ဆင့် ဖုန်း-၀၉၂၅၄၄၉၄၁၈၁၊  ၀၉၄၂၂၁၉၉၀၇၄ တို့ထံ ဆက်သွယ်ပြီး အလှူခံနိုင်ကြောင်း သောက်သုံးရေရရှိ ရေးအတွက် ကူညီဆောင်ရွက်ပေးနေ သည့်အဖွဲ့မှ ကိုဇော်မိုးဦးက ပြောပြ သည်။

“ရေလှူချင်တဲ့  အလှူရှင်တွေ ဆက်သွယ် ထားတာ ရှိတယ်။ ရေလိုနေတဲ့ ရပ်ကွက် တွေကို ဆက်သွယ်ပေးလိုက်တာပါ”ဟု ကိုဇော်မိုးဦးက ပြောသည်။

သောက်သုံးရေ ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနေသူတို့မှာ ရေအလှူရှင်များနှင့် ချိတ်ဆက်ပြီး သောက်သုံးရေ ပြတ်လပ်နေသည့် ရပ်ကွက်များ ရေရရှိအောင် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ရာသီဥတု ပူပြင်းမှုကြောင့် ယခုလ အတွင်း သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေသည်ဟု မြိတ်မြို့ရေပုန်း နယ်မြေတွင် နေထိုင်သူအချို့ထံမှ သိရသည်။

အဆိုပါ ရေပုန်းနယ်မြေအတွင်းရှိ သောက်သုံးရေ ပြတ်လပ်နေသည့် ရပ်ကွက်တို့အား မတ်လ ၂၉ ရက်မှစပြီး တစ်နေ့လျှင် ရေသယ်ယာဉ်နှစ်စီးဖြင့် သွားရောက် လှူဒါန်းပေးနေကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

ထို့ပြင် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ တစ်နေ့လျှင် ရေဂါလံ ၁၂၀၀ ဆံ့ ရေသယ်ယာဉ်တစ်စီးဖြင့် ရေပုံးနယ် မြေသို့ သွားရောက် လှူဒါန်းပေးနေကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

“အခြားရပ်ကွက်တွေက တောင်းဆိုလာတာ မရှိသေးဘူး”ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းက ဆိုသည်။

ရေရှားပါးပြတ်လပ်သည့် ရပ်ကွက် များမှ သောက်သုံးရေများလိုအပ်နေကြောင်း တောင်းဆိုမှုများရှိလာပါက သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြင့်မိုရ်(မြိတ်)