DDPC မာင်းမကန်တွင် မြေလျှောက်ထားမှု ရွာသားများ စုပေါင်းကန့်ကွက်

0
644

မောင်းမကန်ကမ်းခြေ မြောက်ဘက် ရှိ မြေကွက် နှစ်ခုပေါ်တွင် ထားဝယ် အများပိုင်ကုမ္ပဏီ(DDPC) မှ ဟိုတယ် လုပ်ငန်းဆောင်ရွက်ရန် စက်မှုမြေငှား ဂရန် လျှောက်ထားမှုကို ရွာသူရွာသား ၃၀၀ ခန့်က စုပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်လိုက်ကြသည်။

DDPC ကုမ္ပဏီက ကမ်းခြေမြေ ၂ ကွက်ပေါ်တွင် ဟိုတယ်လုပ်ငန်း ဆောက်လုပ်ရန် စက်မှုမြေငှားဂရန် လျှောက်ထားလာမှုနှင့် ပတ်သက်၍ ကန့်ကွက်နိုင်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မတ်လ ၁၄ ကြေညာခဲ့သည်။

ယင်းကြေညာချက်နှင့်ပတ်သက်၍ မတ်လ ၂၀ ရက်၌ မောင်းမကန်ရွာဦး ဓမ္မာရုံတွင် အစည်းအဝေးကျင်းပကာ ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

စုပေါင်းလက်မှတ်ထိုးထားသည့် ကန့်ကွက်စာကို လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသို့ မတ်လ ၂၅ ရက်တွင် ပေးပို့ခဲ့ကြကြောင်း ရွာသူရွာသားများက ပြောကြသည်။

ယင်းမြေနေရာမှာ မြေလွတ်မြေလပ် မဟုတ်ဘဲ ရွာသားများ အသုံးမပြုရသေး သည့် ကျေးရွာဘုံပိုင်မြေသာဖြစ်သောကြောင့် ကုမ္ပဏီမှ လျှောက်ထားလာမှုကို စုပေါင်းကန့်ကွက်သွားကြရန် ဆုံးဖြတ်ရ ခြင်းဖြစ်ကြောင်း မောင်းမကန်ရွာသူ ရွာသားများက ပြောကြသည်။

“ကျွန်မတို့ ပိုင်ဆိုင်တဲ့ မြေပေါ်မှာ လာမလုပ်နဲ့ပေါ့၊ ဒီမြေက ရွာပိုင်မြေ၊ ရွာသားတွေ အသုံးမချရသေးတာပဲ ရှိတယ်ပေါ့၊ ကုမ္ပဏီက လျှောက်ထားမှုကို ကန့်ကွက်မယ်လို့ တစ်ရွာလုံး ပြောထား ပြီးသားပါ” ဟု မောင်းမကန်ရွာသူ မဥမ္မာခင်က ပြောသည်။

DDPC သည် ၂၀၁၃ ခုနှစ်မှစ နာမည်ကျော် မောင်းမကန်ကမ်းခြေတွင် ဟိုတယ်ဇုန်ဆောက်လုပ်ရန် ကြိုးစား နေခဲ့သည်။

ကနဦးတွင် ယင်းကုမ္ပဏီမှ မောင်းမကန် ကမ်းခြေသာယာလှပရေး အတွက် ဟိုတယ်ဇုန်ဆောက်မည်ဆိုကာ မြေဧကပေါင်း ၄၀၀ ကျော်ပေါ်ရှိ သီဟိုပင်များအား ဘူဒိုဇာဖြင့် ထိုးလှဲပြီး ပေ ၈၀ ပတ်လည် အကွက်ရိုက် ရောင်းချ နေသည်ဟုဆိုကာ ရွာသားများက ၂၀၁၅ ဒီဇင်ဘာနှင့် ၂၀၁၆ ဖေဖော်ဝါရီတို့တွင် ယင်းကုမ္ပဏီအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။

မောင်းမကန်နှင့် ရွာနီးစပ်ချုပ်မှာ ၂၀၀၁ ခုနှစ်မှစ၍ သစ်တောကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခံခဲ့ရပြီး လက်ရှိတွင် လူနေအိမ်ရာမြေကွက်နှင့် ဥယျာဉ်ခြံအချို့ကို ကြိုးပြင်ကာကွယ် တောအဖြစ်မှ ပယ်ဖျက်လိုက်သော်လည်း တရားဝင် အိမ်ခွန်မြေခွန်များ လက်ဝယ် မရှိကြသေးဟု ရွာသားများထံမှ သိရ သည်။

Dawei Watch