ပေါင်တွင် ရဟန်းခံရှင်ပြုလှည့်သည့်ဆင် အန္တရာယ်ပြု၍တစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ

0
511

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဗြုချောင်ကျေးရွာ ရဟန်းခံရှင်ပြုလှည့် သည့်ဆင် အန္တရာယ်ပြုသည့်အတွက် ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိသည်ဟု ရင်းငြိမ်နယ်မြေရဲစခန်းထံမှ သိရသည်။

မတ်လ ၂၄ ရက်က သဗြုချောင် ကျေးရွာနေ အလှူရှင် ဦးဇင်ယော်အိမ်တွင် ရွှေမိုးငွေမိုးကြဲရာမှ လုယူနေကြ သော လူများကြောင့် ရှင်ပြုလှည့်ရန် ရောက်ရှိနေသည့် ဆင်လန့်ကာ အနီးအနားရှိ လူများကို အစွယ်ဖြင့်လိုက် ထိုး၊ တက်နင်း၊ နှာမောင်းဖြင့် လိုက်ရိုက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဆင်ဦးစီးနှင့် ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြကာ ဆင်ဦးစီးနှင့် ကလေး ၁ ဦးကို သထုံ ဆေးရုံကြီးတွင်လည်းကောင်း၊ အသက် ၆ နှစ် နှင့် ၈ နှစ်အရွယ် ကလေး ၂ ဦးကို ရန်ကုန်ဆေးရုံကြီးတွင်လည်းကောင်း တက်ရောက် ဆေးကုသမှု ခံယူခဲ့ ကြရသည်။

ဆင်စွယ်ဖြင့် ထိုးခံရပြီး ပေါင်ပြဲ ဒဏ်ရာရရှိခဲ့သောကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရသည့် အသက် ၆ နှစ်အရွယ်ကလေးက မတ်လ ၂၅ ရက် နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ သည်ဟု ရင်းငြိမ်နယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် အောင်ဌေးက ပြောသည်။

“ကလေး သေသွားတော့ ဆင်ဦးစီး ကို အမှုတစ်ခု ထပ်ဖွင့်ထားတယ်၊ ဆင်ဦးစီးလည်း မသက်သာဘူး၊ သထုံ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတုန်းပဲ”ဟု ဒုရဲအုပ် အောင်ဌေးက ပြောသည်။

ဆင်အန္တရာယ်ပြုခြင်းကြောင့် ဆင်ဦးစီးသည် ဆင်ပေါ်မှ ပြုတ်ကျပြီး ဆင်တက်နင်းခံခဲ့ရသောကြောင့် ခြေသလုံး ကျိုးသွားသည်။

ဆင်အစွယ်ဖြင့် ထိုးခံရသည့် ကလေး ၂ ဦးအနက် တစ်ဦးက ပေါင်ပြဲ၊ တစ်ဦးက နံရိုးကျိုး၊ အသက် ၈ နှစ် အရွယ်ကလေးက ဆင်နှာမောင်းဖြင့် ရမ်း လိုက်သဖြင့် မဏ္ဍပ်တိုင်နှင့် ဆောင့်မိကာ ဦးခေါင်းဒဏ်ရာ အသီးသီးရရှိခဲ့ကြသည် ဟု သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးထွန်းမြင့်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆင်ဦးစီးကို တိရစာ်္တန်အန်္တရာယ်နှင့် ပတ်သက်ပြီး ကာကွယ်ထားရန် ပျက်ကွက် ခြင်းကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၉ /  ၃၀၄ (က)ဖြင့် ပေါင်မြို့မရဲစခန်း တွင် အမှုဖွင့်အရေးထားကြောင်း ဒုရဲအုပ် အောင်ဌေးက ပြောသည်။

ယဉ်စနိုင်း