မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါး ဖမ်းဆီးမှု ပြည်နယ်အစိုးရ ကန့်ကွက်

0
661

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲ နေသူများကို မွန်ပြည်သစ်ပါတီမှ ဖမ်းဆီးအရေးယူခဲ့သည့်အပေါ် မွန်ပြည်နယ် အစိုးရက မတ်လ ၂၂ ရက် ရက်စွဲပါစာဖြင့် ပေးပို့ကန့်ကွက်လိုက်သည်။

မတ်လ ၂၀ ရက်က မုဒုံမြို့နယ်၊ မုဒုံကျေးရွာအရှေ့ဘက် ၇ မိုင်ခန့်အကွာ အဘစ်-တံခွန်တိုင်ကျေးရွာချင်းဆက်ကားလမ်းတွင် ယူနီဖောင်းဝတ်ကာ လက်နက်မျိုးစုံ ကိုင်ဆောင်ထားသည့် မွန်ပြည်သစ်ပါတီမှ ဗိုလ်အဆင့်ရှိသူ တစ်ဦးပါ ၁၅ ဦးက မော်တော်ယာဉ်များအား မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးခဲ့ရာ လူ ၈ ဦးထံမှ WY ဆေးပြား ၄၆၈ ပြား နှင့် ဘိန်းစာရွက် ၄ ပိဿာခန့် ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါး ဖမ်းမိသူများအား ကွမ်လှာကျေးရွာ အရှေ့ဘက်သို့ ခေါ်ဆောင်သွားကြောင်း ပြည်နယ်အစိုးရက ပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့်  NCA သဘောတူစာချုပ်ပါ သတ်မှတ်နယ်မြေ ကျော်လွန်၍ လက်နက်ကိုင်ဆောင်သွား လာခွင့်မပြုရေး၊ နယ်ဘက်ဆိုင်ရာ ကိစ္စရပ်များတွင် ၀င်ရောက်စွက်ဖက်မှု မပြုလုပ်စေရန် အကြောင်းကြားစာတွင် ရေးသားထားသည်။

ဖမ်းဆီးထားသူများအား ဥပဒေအရ အရေးယူနိုင်ရန် ရဲတပ်ဖွဲ့သို့အမြန် အပ်နှံဆောင်ရွက်ရန် နှင့် အဆိုပါလုပ်ရပ် အား ကန့်ကွက်သည်ဟု ပြည်နယ်အစိုးရ၏ အကြောင်းကြားစာ ပေးပို့ထားခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် သတင်းအရ တစ်ခါတစ်ရံ နယ်မြေအပြင်ဘက်တွင် သွားရောက်ဖမ်းဆီးရသည့်အနေအထား ရှိပြီး အစိုးရအနေနှင့် သဘောထားကြီးရန် လိုကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

“မူးယစ်ဆေးဝါးက ကျွန်တော်တို့ မွန်ပြည်နယ်မှာ လူငယ်တွေကို အများကြီး ဖျက်ဆီးနေတယ်။ ဒါကို အစိုးရဘက်က လည်း သိတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ဘက်မှာ အပြည့်အ၀ဖမ်းတယ်၊ ကျွန်တော်တို့လူတွေလည်း ဖမ်းလို့ ရနိုင်တဲ့နေရာမှာ အဆင်ပြေသလို ဖမ်းရတဲ့ အနေအထားမျိုးတော့ ရှိတယ်။ ဒါပေမယ့် အစိုးရဘက်က ဒီလို ကန့်ကွက်နေရင် ဒါကတော့ သွားပြီးတော့ ညှိနှိုင်းရမှာ ပေါ့၊ ဆွေးနွေးရမှာပေါ့။ ဒီကိစ်္စမှာ နည်းနည်း သဘောထားကြီးဖို့တော့ လိုတယ်။ လမ်းကျယ်ကျယ် ဖွင့်ထားဖို့ လိုတယ်။ ဒါမှ ဒီကိစ္စကို ကာကွယ်နိုင်မယ်”ဟု  နိုင်ဟံသာက ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ပြည်နယ် အစိုးရနှင့် ညှိနှိုင်းသွားမည်ဖြစ်ပြီး ဖမ်းမိ ထားသူများကို မအပ်နှံနိုင်စရာ အကြောင်းမရှိဟု ၎င်းက ပြောသည်။ သို့သော် ပြစ်မှုကျူးလွန်သူများကို အရေးယူရန် လိုအပ်သည်ဟု ၎င်းက ဆို သည်။

မွန်ပြည်သစ်ပါတီသည် ပြည်နယ်အတွင်း များပြားလာနေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို မတ်လဆန်းပိုင်းမှစပြီး အရှိန်မြှင့်ဖမ်းဆီး ခဲ့သည်။

ယဉ်စနိုင်း