တနင်္သာရီတိုင်းတွင် လေးနှစ်အတွင်း ကုမ္ပဏီ ၁၃ ခု အမည်ပျက်စာရင်း သွင်းခံရ

0
601

တနင်္သာရီတိုင်းတွင် လေးနှစ်နီးပါးကာလအတွင်း ဆောက်လုပ်ရေး ကုမ္ပဏီ ၁၃ ခုကို အမည်ပျက်စာရင်းသွင်း ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉(မီနီဘတ်ဂျက်) အထိ လေးနှစ်နီးပါး ကာလအတွင်း အစိုးရ ဘတ်ဂျက်ဖြင့် တည်ဆောက်သည့် လုပ်ငန်းများကို အချိန်မီ မပြီးစီးခြင်းနှင့် သတ်မှတ်အရည်အသွေး မပြည့်မီခြင်းတို့ကြောင့် အမည်ပျက်စာရင်းသွင်းခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က ပြောသည်။

“အများအားဖြင့်ကတော့ အချိန်မီ မပြီးတာတွေ များတယ်”ဟု ဦးမိုးဇော်လတ်က ဆိုသည်။

ယင်းအမည်ပျက်စာရင်းသွင်းထားသည့် ကုမ္ပဏီစာရင်းကို ဆောက်လုပ်ရေး ၀န်ကြီးဌာနထံသို့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ပေးပို့ထားကြောင်း ၎င်းက ပြောသည်။

တိုင်းအစိုးရက ပေးပို့လိုက်သည့် အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီ အမည်များအပြင် အဆိုပါကုမ္ပဏီ လုပ်ငန်းများကို ကြီးကြပ်သည့် အင်ဂျင်နီယာ ၃၀ ဦးခန့်၏ အမည်စာရင်းကိုလည်း ပူးတွဲပေးပို့ထားကြောင်း ဦးမိုးဇော်လတ်က ဆိုသည်။

အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီအမည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော် အများစုမှာ ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(နတလ) ဘတ်ဂျက်ဖြင့် လုပ်ဆောင်သည့် ကုမ္ပဏီများဖြစ် သည်ဟု ဦးမိုးဇော်လတ်က ပြောသည်။

ယင်းကုမ္ပဏီအမည်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၀က်ဆိုဒ်တွင်တင်မည်ဟု သိရကြောင်း ဦးမိုးဇော်လတ်က ဆိုသည်။

အစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများကို တင်ဒါစနစ်ဖြင့် လုပ်ကိုင်မည့် ကုမ္ပဏီများအနေဖြင့် တိုင်းအစိုးရ အဖွဲ့ရုံးတွင် တစ်နှစ်တစ်ကြိမ် မှတ်ပုံတင် ရသည်။

ပြီးခဲ့သည့်နှစ်က တိုင်းအစိုးရအဖွဲ့ရုံးတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၃၄၀ ခန့်ရှိကြောင်း အထက်ပါရုံးထံမှ သိရသည်။

ကိုဇော်