ကျွန်းသုံးကျွန်းနှင့် ကမ်းခြေကိစ္စ သီးခြားအဖွဲ့ဖြင့် စစ်ဆေးရန် တင်ပြထား

0
635

လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းအပါအ၀င် ကျွန်းသုံးကျွန်းနှင့် ကမ်းခြေတစ်ခုတွင် အပန်းဖြေစခန်း ဆောက်ရန် မြေနေရာလျှောက်ထားမှုကို ကန့်ကွက်မှုများရှိသည့်အတွက် သီးခြားအဖွဲ့ဖြင့် စစ်ဆေးနိုင်ရန် တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန(မြေစာရင်း)ထံမှ သိရသည်။

ကန့်ကွက်မှုများအပေါ် ကွင်းဆင်းစစ်ဆေးမည့် သီးခြားအဖွဲ့ ဖွဲ့စည်းခွင့်ပြုရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံ ယခုနှစ် အစောပိုင်းက တင်ပြထားကြောင်း မြေစာရင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး  ဦးသိန်းကျော်က ဆိုသည်။

“ခွင့်ပြုမိန့်ရပြီဆိုရင် စစ်ဖို့အတွက် ဆက်ဆောင်ရွက်မှာပေါ့၊ လောလောဆယ် အဲဒီအတွက် စောင့်နေတာ”ဟု ဦးသိန်းကျော်က ပြောသည်။

အပန်းဖြေစခန်းဆောက်ရန်အတွက် လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်း၊ ကျောက်တွင်းကမ်းခြေ၊ စမ်းလှမ်းရွာအနီးရှိ ကျွန်းတစ်ကျွန်းနှင့် ပညစ်ကျွန်းတို့တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့်အတွက် ရန်ကုန် အခြေစိုက် ကုမ္ပဏီများက ဗဟိုကော်မတီထံ လျှောက်ထားကြသည်။

ယင်းကဲ့သို့ လုပ်ပိုင်ခွင့်လျှောက် ထားမှုအပေါ် ရေလုပ်သားများအပါအ၀င် ဒေသခံများက လက်မှတ်ထိုးကာ ၀ိုင်းဝန်း ကန့်ကွက်ထားသည်။

မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေအရ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများအား လုပ်ကိုင်ခွင့်လျှောက်ထား မှုများအပေါ် ကန့်ကွက်မှုများရှိပါက မြေ နေရာအသုံးပြုခွင့်လျှောက်ထားသည့် မြို့နယ်အား စိစစ်စေခြင်း မပြုဘဲ အခြားမြို့နယ်မှ သီးခြားအဖွဲ့ဖြင့် စိစစ်ပြီး တင်ပြရမည်ဖြစ်ကြောင်း မြေစာရင်းဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းကျော်က ဆိုသည်။

သီးခြားအဖွဲ့၏ စစ်ဆေးတွေ့ရှိ ချက်အပေါ် တိုင်းအစိုးရက သုံးသပ်ပြီး ဗဟိုကော်မတီကို သဘောထားမှတ်ချက် ပေးရမည် ဖြစ်သည်။ ယင်းကြောင့် သီးခြားအဖွဲ့ ဖွဲ့စည်းရန် ဗဟိုကော်မတီ သို့ တင်ပြထားခြင်း ဖြစ်သည်။

ဒေသခံများ ကန့်ကွက်ထားမှုအပေါ် လုပ်ဆောင်နေသည့်အဆင့်တိုင်းကို ပြည်သူများသိရှိစေရန် ထုတ်ပြန်ပေးသင့်ကြောင်း ကန့်ကွက်လက်မှတ်ကို ဦးဆောင်ကောက်ခံသူများအနက် တစ်ဦး အပါအ၀င်ဖြစ်သည့် ထားဝယ် တိုင်းရင်းသားများပါတီ ဒုဥက္ကဋ္ဌ ဦးမောင်မောင်အေးက ဆိုသည်။

“သီးခြားအဖွဲ့မှာ ဒေသအရေးကို စိတ်ဝင်စားသူတွေပါ ထည့်သွင်းသင့်တယ်”ဟု ဦးမောင်မောင်အေးက ပြောသည်။

ဧက ၁၄၀ ရှိ  ပဲ့စင်ကျွန်းကို Excellent Fortune Development Group

ကုမ်္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမျိုးဝင်း အမည်ဖြင့်လည်းကောင်း၊   ၁၃၈ ဧက ရှိသည့် ကျောက်တွင်းကမ်းခြေကို ရတနာစိုင်းကျောင်းမြတ်ကျော် သတ္တုတူးဖော်ရေးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းအမည်ဖြင့်လည်းကောင်း လျှောက်ထားသည်။

ယင်းကုမ္ပဏီ နှစ်ခုမှ ဦးစိုင်းမျိုးဝင်းသည် တစ်ဦးတည်း ဟုတ်မဟုတ်ဆိုသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

၎င်းအပြင် စမ်းလှမ်းကမ်းခြေအနီးက ၇ ဒဿမ ၉၈ ဧက ရှိ ကျွန်းကို First Golden Dragon Construction

ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီ အမည်ဖြင့်လည်းကောင်း၊ ၁၂ ဧက နီးပါးရှိသည့် ပညစ်ကျွန်းကို စိုးနိုင်ဖြိုး ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီ အမည်ဖြင့်လည်းကောင်း လျှောက်ထားခဲ့ပြီး ယင်းကုမ္ပဏီနှစ်ခုမှ ဒေါ်နန်းခင်မြင့်ရီ သည်လည်း တစ်ဦးတည်း ဟုတ်မဟုတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကိုဇော်