ပုလောတံတားတွင် သစ်မွှေး တရားမ၀င်သယ်သူများ ဖမ်းမိ

0
675

ပုလောတံတားတွင် သစ်မွှေးတရားမ၀င် သယ်ဆောင်လာသူများကို ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သစ်တောထွက်ပစ္စည်းဖြစ်သည့် သစ်မွှေးများ တရားမ၀င်သယ်ဆောင်လာ ကြောင်း သတင်းအရ ပုလောတံတားတွင် မတ်လ ၂၃ ရက်က သစ်တောဌာန၊ ရဲတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းနေခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ယင်းကဲ့သို့စောင့်ဆိုင်းနေစဉ် ထမင်းမစားကျေးရွာဘက်မှ မြိတ်ဘက် သို့ မောင်းနှင်လာသည့် Click-I 125 ဆိုင်ကယ်နှင့် Wave-100 ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရာ သစ်မွှေးတုံး ၄၅ တုံး (၁၄ ပိဿာခန့်)ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖမ်းမိသည့် သစ်မွှေးတုံးတစ်ပိဿာလျှင် ငွေကျပ် ငါးသောင်းခန့် တန်ကြေး ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သစ်မွှေးတုံးများ တရားမ၀င်သယ်ဆောင်လာသည့် အမျိုးသားသုံးဦးကို သစ်တောဥပဒေပုဒ်မ- ၄၂(က)ဖြင့် ပုလောမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သစ်တောဥပဒေပုဒ်မ- ၄၂(က) ကို ဖောက်ဖျက်ပါက အနည်းဆုံးထောင် ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ကျပ် ၅ သိန်းမှ အများဆုံး ကျပ် ၁၀ သိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်သည်။

Dawei Watch