ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ပြည်သူကို မမေ့ရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌ သတိပေး

0
494
ဓာတ်ပုံ - မင်းခန့်

တနင်္သာရီတိုင်းဒေသအစိုးရအဖွဲ့ဝင်များအနေဖြင့် စီမံခန့်ခွဲမှုတာဝန်များ ထမ်းဆောင်သည့်အချိန်တွင် ပြည်သူကို မမေ့ရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ၀န်ကြီးချုပ်နှင့် ၀န်ကြီးများအား သတိပေးလိုက်သည်။

မတ်လ  ၂၈ ရက်တွင် ကျင်းပခဲ့သည့် တိုင်းလွှတ်တော် အရေးပေါ်အစည်း အဝေးအပြီးတွင် ပြောကြားသည့် လွှတ်တော်ဥက္ကဋ္ဌမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အသစ်ခန့်အပ်လိုက်သော ၀န်ကြီးချုပ်နှင့် ၀န်ကြီးများသည် ပြည်သူလူထု၏ လိုအင်ဆန္ဒ၊ ပြည်သူ၏ အခက်အခဲများကို ကောင်းစွာသိသူများ ဖြစ်သည့်အားလျော်စွာ ၀န်ကြီးတာဝန် ထမ်းဆောင်ကြချိန်တွင် ပြည်သူလူထု အကျိုးကို မမေ့ရန် သတိပေးလိုကြောင်း ဦးခင်မောင်အေးက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့အကျိုးစီပွားကိုလုပ်ဖို့ မေ့သွားတတ်တယ်။ ပြည်သူအကျိုး မဟုတ်ဘဲ ခရိုနီအကျိုး ဖြစ်သွားတတ် တယ်။ အဲလိုဖြစ်မှာစိုးလို့ ကြိုသတိပေး လိုက်တာ”ဟု ဦးခင်မောင်အေးက ပြောကြားသည်။

မတ်လ ၂၈ ရက်က ကျင်းပသည့် လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ၀န်ကြီးရာထူး ခန့်အပ်ခံရသော ဦးအောင်သူရ (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး)၊ ဦးလှထွေး (သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး)နှင့် ဒေါ်ရီရီချို(စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး) တို့ ကျမ်းကျိန်ခဲ့ကြသည်။

ဝန်ကြီးချုပ် ဦးမြင့်မောင်မှာ မတ်လ ၂၅ ရက်က ကျမ်းကျိန်ခဲ့သည်။

Dawei Watch