ဆင်တုပ်ကွေးရောဂါ အရေးပေါ် အခြေအနေမဟုတ်

0
1151

ဘ၀ါကမ်းခြေရွာရှိ ဒေသခံများတွင် ဖြစ်ပွားနေသည့် ဆင်တုပ်ကွေးရောဂါမှာ အရေးပေါ်အခြေအနေ မဟုတ် ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ရောဂါစတင်ဖြစ်ပွားသည့် မတ်လ အစောပိုင်းမှ စတင်ကာ ပိုးလောက်လန်း နှိမ်နှင်းရေးလုပ်ငန်း၊ ခြင်ထောင်ဖြန့်ဝေခြင်း အစရှိသည့် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ထားပြီးဖြစ်သည့် အတွက် လူအများအပြားကို ထပ်မံကူး စက်ခြင်းမရှိတော့ကြောင်း ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့(ရ.ပ.က.န) အဖွဲ့ခေါင်းဆောင် ဒေါက်တာနန္ဒ၀င်းက ဆိုသည်။

ဘ၀ါကမ်းခြေရွာတွင် ဖြစ်ပွားနေသည့် ဆင်တုပ်ကွေးရောဂါသည် လူဦးရေနှစ်ရာခန့်ကို ကူးစက်နေပြီး အရေးပေါ်အခြေအနေ ဖြစ်ပွားနေကြောင်း လူမှုကွန်ယက်ပေါ်တွင် မတ်လ ၂၇ ရက်က ပျံနှံ့လာခဲ့သည်။

“ဒီရောဂါရဲ့ အခင်းအကျင်းကိုက အရေးပေါ်အခြေအနေအထိ ဘယ်တော့မှ ဦးမတည်ဘူး”ဟု ဒေါက်တာနန္ဒ၀င်းက ပြောသည်။

လက်ရှိတွင် ဖျားနာသူများကို ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ကျန်းမာရေးဝန်ထမ်းများက အမြဲမပြတ် စောင့်ကြည့်နေပြီး သက်ဆိုင်ရာမြို့နယ် ဆရာဝန်မှတစ်ဆင့် တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ထံ တင်ပြလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ဆင်တုပ်ကွေးရောဂါသည် ရောဂါပိုး သယ်ဆောင်သည့် ခြင်ကိုက်ရာမှတဆင့် ကူးစက်တတ်ပြီး ရောဂါဖြစ်ပွားပါက အပြင်းဖျားခြင်း၊ ခြေဆစ်လက်ဆစ် နာကျင်ကိုက်ခဲခြင်း၊ အနီကွက်ထခြင်း အစရှိသည့် လက်္ခဏာများ ဖြစ်ပေါ်လေ့ရှိကြောင်း ဒေါက်တာနန္ဒ၀င်းက ဆိုသည်။

ဆင်တုပ်ကွေးရောဂါမှာ အသက် သေဆုံးသည်အထိ အန္တရာယ်ဖြစ်ပွားနိုင် ချေမရှိသော်လည်း လူအများအပြားကို ကူးစက်လေ့ရှိကြောင်း ၎င်းက ရှင်းပြသည်။

ရောဂါဖြစ်ပွားသည့် နဘုလယ်ဒေသရှိ ကျေးရွာလေးရွာတွင် ဆေးစိမ် ခြင်ထောင်အလုံးရေ ၃၅၀၀ ခန့် ဖြန့်ဝေ ပေးထားကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

နဘုလယ်ဒေသတွင် မတ်လ ၅ ရက်မှ ၂၈ ရက်အထိ ဆင်တုပ်ကွေးရောဂါ သံသယလက္ခဏာရှိသည့် ဖျားနာသူ၊ အဆစ်အမြစ်ကိုက်ခဲသူ၊ အနီကွက်ထသူ စုစုပေါင်းလူဦးရေ သုံးရာခန့်ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရ.ပ.က.နအဖွဲ့ထံမှ သိရသည်။

Dawei Watch