သာဓု ခေါ်ပေးကြပါဦး

0
288

အလှူရေစက် လက်နှင့်မကွာသည့် မြန်မာပြည်တွင် အလှူရှင်က ပရိသတ် ၏ သာဓုခေါ်သံ မြိုင်မြိုင်ဆိုင်ဆိုင် ကြားလို၍ လက်ဆောင်တစ်မျိုး ဖန်တီး ကာ ဧည့်သည်အား ချီးမြှင့် ပြန်လှူကြ သည့်ခေတ် ရောက်ရှိနေပါပြီ။

ထိုလက်ဆောင်ကား မိမိအလှူတွင် ဆရာတော်မှ ချီးမြှင့်သည့် တရားတော်ကို ပြီးဆုံးသည်အထိနာယူ၊ အလှူရှင်က အမျှဝေလျှင် သာဓု၊ သာဓု၊ သာဓု ခေါ်ပြီး မှ၊ အလှူပွဲကြီး လုံးဝ ပြီးစီးမှ ပြန်သော အလှူလာသည့် ပရိသတ်အတွက် အလှူရှင်မှ သီးခြား ချီးမြှင့်သည့် လက်ဆောင်။

တစ်နည်းဆိုလျှင် “သာဓုလက်ဆောင်”။

“တရားနာပရိသတ်များအောင် ဆိုတဲ့ သဘောနဲ့လားတော့ မသိဘူးပေါ့ လေ။ စေတနာရှိလို့  တရားနာပရိသတ် တွေကို သီးသန့် ပစ်္စည်းတွေ သီးသန့်ပြန် လှူတာတွေမျိုး လုပ်ကြတာ တွေ့ရတယ်”ဟု ထားဝယ်မြို့၊ လေးထပ်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးပညာဝရက မိန့်ကြားသည်။

ဆရာတော် ဦးပညာဝရ၏ အတွေ့ အကြုံအရ တရားနာ ပရိသတ်မှာ ယခင် ထက် ၃ ပုံ ၂ ပုံခန့်ထိ လျော့လာသည်။

“မြို့ပေါ်မှာ ပိုလျော့တယ်”ဟု ဆရာတော်က မိန့်သည်။

ထိုသို့ လျော့လာခြင်းမှာ အလှူပွဲ များ ပေါများခြင်း၊ တစ်ရက်လျှင်ပင် လေးငါးခု တိုက်ဆိုင်နေတတ်ခြင်း၊ လူတို့တွင် အလုပ်ပိုများလာသဖြင့် တရား နာရန် မအားမလပ် ဖြစ်လာခြင်းများ ကြောင့် ဖြစ်ကြောင်း ဆရာတော်နှင့်တကွ တနင်္သာရီတိုင်းသူတိုင်းသားတို့က မှတ်ချက်ပြုကြသည်။

အလှူဖိတ်စာတွင် “တရားတော်နာ၊ သာဓုအနုမောဓနာ ခေါ်ယူရန်”ဟု ပါမြဲ ဖြစ်သော်လည်း အလှူလာသည့် ပရိသတ် အတော်များများက ရောက်ပြီး ခဏကြာသည်နှင့် ပြန်သူက တစ်နှစ်ထက် တစ်နှစ် ပိုပိုများလာသည်။

“အလှူအတန်းတွေ သိပ်မများခင် တုန်းကတော့ ဓမ္မာရုံမှာ လူပြည့်လို့ အပြင်မှာ ဖျာခင်းပြီး တရားနာကြတာတွေ တောင် ရှိတယ်လေ”ဟု ထားဝယ်မြို့ ၀ဲကျွန်းမြို့သစ်နေ ဒေါ်သန်းစိန်က ပြော သည်။

ရွာခံ အသက်အရွယ် ကြီးရင့်သူ များသာ ပင်တိုင် တရားနာပရိသတ် ဖြစ်နေရတော့ကြောင်း ဒေါ်သန်းစိန်က ပြောသည်။

“ဟေ့သူငယ်ချင်း ငါလာတယ်နော်။ ငါတစ်ခြားနေရာ သွားစရာရှိသေးတယ် နော်၊ သွားဦးမယ်လို့ပြောပြီး ပြန်လာ လိုက်တာပေါ့နော်” ဟု ဒေါ်သန်းစိန်က ဆိုသည်။

ထိုသို့ ပြန်ပါကလည်း အလှူရှင်ဖက်က ကြည်ဖြူပြရ၊ စာနာနားလည် ပေးရသည်သာ။

အလှူရှင်တို့သည်လည်း ပရိသတ်အဖြစ် အခြားအလှူများသို့ သွားရောက်လျှင် ပွဲတိုင်း တရားနာဖြစ်ခဲ့သည် မဟုတ် သောကြောင့်တည်း။

လူငယ်တို့က သာ၍ တရားမနာဖြစ်ပါ။

“မနက်ပိုင်းဆိုတော့ အိပ်ရာထက နောက်ကျတယ်၊ ဒီတော့ အလှူအိမ် ရောက်တဲ့အချိန် ဘုန်းကြီးက ပြန်ပြီ။ ဒါနဲ့ပဲ တရားက မနာဖြစ်ဘူး”ဟု မြိတ်မြို့ ဇေယျသီရိရပ်မှ အသက် ၃၂ ရှိ မသိမ့်သိမ့်စိုးက ပြောသည်။

တချို့လူငယ်တို့က တရားနာခြင်းသည် လူကြီးတို့အလုပ်ဟု မြင်တတ် ကြောင်း လူငယ်အချို့က ဖွင့်ဟကြသည်။

“ဒီအလုပ်က ကျွန်တော်တို့လူငယ် တွေ အလုပ်မဟုတ်ဘူး။ အဖိုးကြီးအဖွား ကြီးတွေ လုပ်ရမဲ့အလုပ်လို့ ကျွန်တော် တို့ လူငယ်တော်တော်များများက ဒီအယူအဆကြီးကို လက်ခံထားကြသလို တရားနာဖို့လာခေါ်ရင်လည်း အင်းအဲ လုပ်ပြီးတော့ သွားမနာကြဘူး”ဟု မြိတ်တောင်ရပ်နေ အသက် ၂၈ နှစ်ရှိ ကိုမင်းမင်းက ပြောသည်။

လူငယ်တို့မဆိုထား လူလတ်ပိုင်း အချို့ပင် တရားနာတော့မည်ဆိုလျှင် ဟိုဟိုဒီဒီ အကြောင်းပြ ရှောင်ထွက်သွား တတ်ကြသည်။

အထူးသဖြင့် အမျိုးသားများက အမျိုးသမီးများထက် တရားနာရ ပိုတွန့် ဆုတ်တတ်ကြသည်ကို အလှူတရားပွဲ တွင် အမျိုးသမီးနှင့် အမျိုးသားအချိုး အဆများစွာ ကွာနေတတ်သည်က သက်သေပြနေသည်။

တချို့ကလည်း အပြန်အလှန်သဘောဖြင့် မျက်နှာပြရန်သာ ရည်ရွယ်ကာ အလှူသွားတတ်ကြသည်။

“မသွားရင်လည်း မကောင်းဘူး၊ သူ့အလှည့် ကိုယ့်အလှည့်ရှိတော့။ ဒါကြောင့် ဆွမ်းကျွေးတရားနာဆိုလည်း စားခါနီးမှ သွားတာ များတယ်၊ အဓိက မျက်နှာပြတာပေါ့”ဟု ကော့သောင်း အောင်သုခရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် ကိုမျိုးမြင့်က ပြောသည်။

ထိုသို့ အကြောင်းအမျိုးမျိုးကြောင့် အလှူတွင် တရားနာပရိသတ် နည်းပါးလာသည်ကို လူတိုင်း သတိထားမိလာ သော်လည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်ပေးကြမြဲ။

ဖိတ်စာတွင်ကား တရားတော်နာ၊ သာဓုအနုမောဒနာခေါ်ယူရန် ထည့်ရေး နေကြဆဲ။

သို့သော် တရားနာသူ၊ သာဓုခေါ် သူက တစ်ခေတ်ထက် တစ်ခေတ် တစ်နှစ်ထက် တစ်နှစ် နည်းလာဦးမည့် အရိပ်အယောင်များ တွေ့နေရသည်ကို လူတိုင်း မငြင်းနိုင်ပါ။

ထားဝယ် လေးထပ်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဆရာတော် ဦးပညာဝရက အောက်ပါအတိုင်း တိုးတိုးလေး မိန့်ပါသည်။

“တရားနာပရိသတ် နည်းရင်တော့ စိတ်ထဲမှာ အားမရဘူးပေါ့ကွယ်…”

တနင်္သာရီသတင်းအဖွဲ့