ပညာအမွေ ပေးကြရာဝယ်

0
1145

အခုတစ်လော အချစ်နဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်လောက် ရေးချင်စိတ်က အလွန်တရာ ပြင်းပြနေမိသည်။ သို့သော်လည်း အချစ်ရဲ့သိမ်မွေ့နက်နဲ မှုများက အဖြေရှာရ ခက်လွန်းနေသည်။ အချစ်ဝင်္ကဘာထဲမှာ တ၀ဲလည်လည် ဖြစ်နေသည်ကပင် ရက်အတော်ကြာ နေခဲ့ပေပြီ။ အချစ်နောက်ကို လိုက်နေရင်း  မထင်မှတ်သည့် စကားစုလေးတစ်ခုက လမ်းခုလတ်မှာ လာတိုးနေသည်။ သူနဲ့ အတွေ့မှာ ကျွန်တော်ရဲ့ အချစ်ရှာပုံတော် ခရီးသည်လည်း လမ်းကြောင်းပြောင်း ခဲ့ရသည်။

လတ်တလော ကျွန်တော်တို့ ရင် ဆိုင်နေရသည့် လူ့မှုပြဿနာများထဲက အကြောင်း တရားတစ်ခုနှင့်လည်း တိုက် ဆိုင်နေပေသည်။ ကျွန်တော်တို့ရဲ့ သား သမီးများကို ပညာအမွေဘယ်လို ပေးကြ မလဲဆိုသည်ကို ကျွန်တော်တို့ ပြန်လည် သုံးသပ် ကြရပေတော့မည်။ ကျွန်တော် တို့ သားသမီးများကို လွဲမှားသော ပညာ အမွေကို ကျွန်တော်တို့ပေးမိလျှင် မိမိတို့ သားသမီးများ၏ အနာဂတ်ကို ဖျက်ဆီး ပစ်ခဲ့သလို ဖြစ်နေပေလိမ့်မည်။

မူရင်းပို့စ်လေးကို မျှဝေပေးလိုက်ပါ သည်။ ကျွန်တော့်ကို အချစ်နဲ့ဝေးကွာစေခဲ့ သော ပို့စ်လေးပါ။

“Do not educate your child to be rich. Educate them to be happy, so when they grow up, they will know the value of things, not the price.”

 “သင့်ကလေးကို ချမ်းသာအောင် လုပ်ဖို့  မသင်ပေးပါနဲ့။ ပျော်ရွှင်အောင် နေတတ်ဖို့ သင်ပေးပါ။ သို့မှသာ သူတို့ ကြီးပြင်း လာချိန်မှာ တန်ဖိုး(Value)နဲ့ ဈေးနှုန်း (Price)မတူတာကို သိလာမှာ ပါ။”

ကျွန်တော် ဘာသာပြန်ထားတာ အဓိပ္ပာယ် ထပ်တူကျချင်မှ ကျမှာပါ။ သို့သော်လည်း ဆိုလိုရင်းကိုတော့ ရောက် မည်ထင်ပါသည်။

ဆိုတော့ အထက်ပါစာစုကို ဖတ်လိုက်ပြီးချိန်မှာ ကျွန်တော် အပါအ၀င် စာဖတ်သူတို့အနေဖြင့် ဆင်ခြင်တွေး တောစရာတွေ အမြောက်အများ ရှိလာ ကြပေလိမ့်မည်။ ကျွန်တော်တို့ရဲ့ကလေး တွေကို ကျွန်တော်တို့ပေးနေတဲ့ ပညာရေးဟာ လွဲမှားနေပြီဆိုတာကိုလည်း သတိပြုမိကြပေမည်။ အသိပညာကိုသာ ပေးပြီး၊ ဥာဏ်ပညာကိုပေးဖို့ ကျွန်တော်တို့ ပျက်ကွက်နေကြတယ်ဆို တာ သဘောပေါက်မိ ပါလိမ့်မည်။ ပြဋ္ဌာန်းစာအုပ်လောက်ကို သာသင်ပြီး ပြည်သူ့နီတိ၊ လောကနီတိ တို့ကို သင်ကြားပေးဖို့ ပျက်ကွက်နေခဲ့ ကြသည်မှာ အတော်ကြာနေပေပြီ။ ပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာလောက် ကိုသာ အာဂုံ ဆောင်ခိုင်းလာခဲ့သည်မှာ ကြာခဲ့ပေပြီ။ ကျွန်တော်တို့ရဲ့ကလေး တွေကို Spoon Feeding နည်းနဲ့ ပညာ အမွေပေးလာခဲ့တာ ကြာခဲ့ပါပြီကော။

အသိပညာကိုသာပေးပြီး ဥာဏ်ပညာကို မျှဝေပေးဖို့ ပျက်ကွက်ခဲ့ခြင်း၏အကျိုး ဆက်အဖြစ် လူငယ်အများစုသည် စာရိတ္တပျက်ကုန်ကြသည်။ အတွေးအခေါ် လွဲမှားကုန်သည်။ ကိုယ်ကျင့်တရား ပျက် ယွင်းကုန်ကြသည်။ ကိုယ်ချင်းစာစိတ်၊ သနားကြင်နာစိတ်တို့ ခမ်းခြောက်ကုန် သည်။ အမုန်းစကားတွေကို ဖောဖောသီသီ ပြောတတ်လာကြသည်။ ကောင်းသည့် အရာ အတော်များများ ဆုတ်ယုတ်ကုန်သည်။

ဤကဲ့သို့ ဖြစ်ခဲ့ရခြင်းမှာ လူကြီး တွေမှာ များစွာ တာဝန်ရှိပေသည်။ ငယ်စဉ်ကတည်းက မိမိသားသမီးကို ဆရာဝန် ဖြစ်အောင်၊ အင်ဂျင်နီယာဖြစ်အောင် စသည်ဖြင့် ရည်မှန်းချက် အမျိုး မျိုးထားကာ ပညာသင်ယူစေကြသည်။ ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ ဂုဏ်ရှိသည် ထင်ကြသည်။ တစ်ဖက်က လည်း ဆရာဝန်၊ အင်ဂျင်နီယာဖြစ်လျှင် ၀င်ငွေကောင်းမည်ဆိုသည့် ယူဆချက် ကလည်း ရှိကောင်းရှိ နေနိုင်သည်။ ၀ါသနာထက် ၀င်ငွေရလမ်း ရပေါက် ကောင်းနိုင်သည်ထင်သည့် အလုပ်အကိုင် ရဖို့ ရည်ရွယ်ကာ ပညာသင် စေကြသည်။ တက္ကသိုလ်တက်ဖို့ ဘာသာရပ်ရွေးချယ် သည့်အချိန်ဆိုလျှင် ဘယ်ဘာသာရပ်ယူ ရင် ဘယ်ဌာနမှာ အလုပ်ရနိုင်သည် စသည် ဖြင့် စဉ်းစားရသည်မှာ မိဘများကို ခေါင်းခဲစေပါသည်။ ဘွဲ့ရပြီး အလုပ် လျှောက်လျှင်လည်း ခွင်(ဂွင်)ကောင်း သည်ထင်သည့် ဌာနဆိုလျှင် အလု အယက် လျှောက်ထားကြသည်။ သား သမီးများ၏ ၀ါသနာနှင့် ရည်မှန်းချက်တို့မှာ မိဘများ၏အတ္တအောက်တွင် နေ၀င်ခဲ့ရတော့သည်။

ဤသည်ကိုကြည့်လျှင် ကျွန်တော် တို့ဟာ အမှားတစ်ခုကို ကျူးလွန်နေမှန်း မသိဘဲ ကျူးလွန်နေကြသည်မှာ သေချာ နေပါပြီ။ ဤသည်ကပင်လျှင် ကျွန်တော် တို့ကို အဂတိလိုက်စားဖို့၊ လာဘ်စား ဖို့အတွက် တွန်းအားပေးရာရောက်နေ ပေသည်။ လာဘ်စားခြင်းကို ရှက်ကြောက်ရမှန်း လည်းမသိတော့။ ကုန် ကုန်ပြောရလျှင် လာဘ်စားပါက တရား ဥပဒေနှင့်မကင်း ဆိုသည့်အချက်ကိုပင်လျှင် မျက်ကွယ် ပြုလာကြသည်။  ဤသည်ကလည်း နှစ်ပေါင်းများစွာကြာ လာဘ်စားလာကြ၊ အဂတိ လိုက်စားလာ ကြ၍ အလေ့အထတစ်ခုလို ဖြစ်နေသော ကြောင့်လည်း ဖြစ်နိုင်သည်။ တချို့ဆိုလျှင် ဘယ်သူကတော့ဖြင့် ဘယ်ဌာနမှာ အလုပ်ဝင်လို့ ၀င်ငွေ ဘယ်လောက်ရကာ ဘယ်လောက် ချမ်းသာလာသည်ကိုပင် ကြွားဝါနေတတ်သေးသည်။ ကျွန်တော့ အနေဖြင့် သူတို့ကိုယ်စား လိပ်ပြာမလုံ ဖြစ်နေမိသည်ကတော့ အမှန်။

မိဘများကိုယ်တိုင်က သားသမီး များအတွက် စံပြဖြစ်ရန်လိုသလို သား သမီးများကိုလည်း အကျင့်ပျက်သူများ ဖြစ်အောင် မတွန်းပို့မိစေဖို့ လိုပါသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့ရဲ့ ချမ်းသာကြွယ်ဝမှုအတွက်  မိမိတို့ကိုယ်တိုင် လိပ်ပြာသန့်ဖို့လိုသည်။ မိမိတို့ သားသမီး များနှင့် မိမိအသိုင်းအ၀ိုင်းကြား သိက်္ခာ ရှိသည့် အလုပ်မျိုးမှရသော ၀င်ငွေဖြစ် အောင် ကြိုးစားရပေမည်။ တရားသဖြင့် ရှာဖွေရရှိသော ၀င်ငွေဖြင့်သာ မိမိတို့ ဘ၀ကို ရပ်တည်နိုင်အောင် ကြိုးစား ကြရပေမည်။ သို့မှသာ သားစဉ်မြေး ဆက် ဂုဏ်သိက်္ခာရှိရှိဖြင့် လူ့လောက ကြီးထဲတွင် ရပ်တည် သွားနိုင်ပေမည်။

လက်ရှိအချိန်ထိတော့ လာဘ်ပေးလာဘ်ယူကိစ္စက ကြီးထွားနေဆဲ ဖြစ်သည်။

ဤသည်ကို ကုစားနိုင်သည့် တစ်ခုသော နည်းလမ်းမှာ ပညာရေး သာဖြစ်သည်ဟု ဆိုချင်သည်။ အဂတိ လိုက်စားခြင်းသည် ဥပဒေနှင့်ငြိစွန်း နေပြီး၊ ရှက်စရာကောင်းကြောင်း သိ အောင် ပညာရေးကတစ်ဆင့် အားလုံး၏ ရင်ထဲကိန်းသွားအောင် လုပ်ရပေမည်။ “လာဘ်ပေးလာဘ်ယူ တို့ရန်သူ”နှင့် “နှမ်းခိုး၍စားသော မင်းသား”ကဲ့သို့ သော  ခေါင်းစဉ်လေးတစ်ခု၊ နှစ်ခု လောက်နှင့်တော့ လုံလောက်မည်မထင်။ ထို့အပြင် ခေတ်လည်းမမီတော့ဟုဆို ချင်မိသည်။ ထိုထက်ပိုပြီး ကျယ်ကျယ် ပြန့်ပြန့်သင်ပေးရန် လိုအပ်ပေမည်။

နော်ဝေကဲ့သို့သော နိုင်ငံမျိုးတွင်မှု လာဘ်ပေး လာဘ်ယူ ကိစ်္စမျိုးအတွက် အသိပညာပေးခြင်းကို မူကြိုအရွယ်က တည်းကပင် စတင်ဆောင်ရွက်ကြသည်။ သူတို့ နိုင်ငံက မူကြိုများတွင် နေ့လယ် စာကို ကျောင်းကသာ ကျွေးမွေးပါသည်။ နေ့လယ်စာ ချက်ပြုတ်ရာတွင်လည်း မူကြိုအရွယ် ကျောင်းသားလေးများ ကူညီနိုင်သည့်အလုပ်ကို ကူညီစေသည်။ စီနီယာ ကျောင်းသား၊ ကျောင်းသူများကို ဈေးဝယ်သွားချိန် ခေါ်သွားလေ့ ရှိသည်။ ဈေးကပြန်လျှင် ဈေးဝယ်လိုက်သည့် ကျောင်းသားလေးများရှေ့တွင် ပိုသည့် ငွေများကို ပြားစွန်းကအစ စာရင်းနှင့် တကွ ပြန်အမ်းပေးသည်။ ဤကဲ့သို့ သောနည်းလမ်းဖြင့် ကျောင်းသားလေး များကို လာဘ်မစားတတ်အောင် ပညာပေးသည်။

ကျွန်တော်တို့အနေဖြင့် လာဘ်စားမှ ဖမ်းဆီးအရေးယူမည့်အစား ငယ်စဉ် ကတည်းက လာဘ်မစားတတ်အောင် သင်ကြားပေးခြင်းကသာ ပိုမိုထိရောက် မည်ထင်ပါသည်။ စားမလောက်၍ လာဘ်စားရပါသည်ဆိုသည့် ဆင်ခြေမျိုးပေးပြီး ကြီးပွားချမ်းသာအောင်အထိ နိုင်ငံ့ဘဏ္ဍာ ကို ခိုးယူသောသူမျိုးမဖြစ်အောင် တား ဆီးရန်အတွက် ပညာရေးကိုသာ အားကိုးရပေမည်။ သို့တည်းမဟုတ်လျှင်တော့ သေဒဏ်ပေးသည့်တိုင် လာဘ်စားခြင်း၊ အဂတိလိုက်စားခြင်းကား ပပျောက်သွား လိမ့်မည်မဟုတ်။

အနာဂတ်လူငယ်များအနေဖြင့် မှန်ကန်သော ပညာအမွေကိုသာ ရယူနိုင် ကြစေဖို့ ဆန္ဒပြုလိုက်ရပါသည်။

သန်းဇော်ဦး(ရလိုင်)