ကျောင်းအပ်ရက် တစ်ပတ်သာ ကျန်ချိန်အထိ အဝေးသင် မြန်မာစာနှင့် သမိုင်း အောင်စာရင်း မထုတ်ပြန်နိုင်သေး

0
1959

အဝေးသင် ပထမနှစ် မြန်မာစာနှင့် သမိုင်းကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နောက်ဆုံးရက် တစ်ပတ် သာလိုသည့်အချိန်အထိ ထားဝယ်တက္ကသိုလ်တွင် ယင်းအထူးပြုဘာသာ ရပ်နှစ်ခုစလုံး အတွက် အောင်စာရင်းများ မထုတ်ပြန် နိုင်သေးကြောင်း ထားဝယ် တက္ကသိုလ် အဝေးသင်ဌာနထံမှ သိရသည်။

အဝေးသင် မြန်မာစာနှင့် သမိုင်း အထူးပြုအပါအ၀င် ပထမနှစ် နှစ်ကျ ကျောင်းသားများအားလုံးသည် မတ်လ ၂၉ ရက် နောက်ဆုံး ကျောင်းအပ်နှံရမည် ဖြစ်ကြောင်း ကြေညာထားသော်လည်း မတ်လ ၂၂ ရက်အထိ ပထမနှစ် မြန်မာစာနှင့် သမိုင်းမေဂျာများ အောင် စာရင်း ထားဝယ်တက္ကသိုလ်သို့ တရား ၀င်ရောက်ရှိမလာသေးပေ။

အောင်စာရင်း မထွက်သေးသည့် အတွက် စာမေးပွဲကျသူများအနေဖြင့် ကျောင်းအပ်ရန်နှင့် ကျောင်းပြောင်းရန် အခက်တွေ့နေခြင်းဖြစ်သည်။

“ပထမနှစ်ကျသွားတဲ့ မြန်မာစာနဲ့ သမိုင်းပေါ့နော်။ အဓိကကတော့ အဲဒီနှစ် ခုပေါ့။ တရားဝင်အောင်စာရင်းမလာ သေးတော့ ကျောင်းအပ်လက်ခံလို့မရ သေးဘူးပေါ့၊ ကျောင်းပြောင်းတာလည်း လုပ်ပေးလို့မရသေးဘူး။ အောင်တဲ့သူ တွေကတော့ အဆင်ပြေတယ်” ဟု အဝေးသင်ဌာနမှူး ဒေါ်ချိုချိုမြင့်က ဆိုသည်။

ရန်ကုန်အဝေးသင်ဌာနမှ သင်တန်း ရေးရာဌာမှူး ဦးအောင်ခိုင်သန်းကမူ မတ်လ နောက်ဆုံးအပတ်တွင် ပထမနှစ် မြန်မာစာနှင့် သမိုင်းမေဂျာအောင်စာရင်း များ ထွက်ရှိနိုင်အောင် ဆောင်ရွက်နေကြောင်း ပြောသည်။

မတ်လ နောက်ဆုံးအပတ်မှ တရားဝင်အောင်စာရင်းထုတ်ပြန်မည်ဆိုပါက ကျောင်းသားများကို ကျောင်းအပ်ချိန် တစ်လခန့်တိုးပေးသင့်ကြောင်း ထားဝယ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဝေးသင်ကျောင်းသားများကိုယ် စားလှယ် ကိုမျိုးထွေးက ပြောသည်။

လက်ရှိတွင် ယင်းကျောင်းသားများ အတွက် ကျောင်းအပ်ရက် ထပ်တိုးပေး ထားခြင်းမရှိသော်လည်း လိုအပ်ပါက ကျောင်းအပ်ရက်ထပ်တိုးပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါ်ချိုချိုမြင့်က ပြောသည်။

ထားဝယ်တက္ကသိုလ်တွင် မြန်မာ စာ၊ သမိုင်း အထူးပြုဘာသာရပ်နှစ်ခုရှိ အတန်းအားလုံး အောင်စာရင်းထုတ်ပြန် နိုင်ခြင်း မရှိသေးပေ။

ဒုတိယနှစ်နှင့်  အထက်အတန်းများ ကို တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက်မူ မေလ၂၃ အထိ ကျောင်းအပ်နှံခွင့်ရှိသည်။

ကျော်သူစိုး