ထားဝယ်နှင့်ကော့သောင်းရှိ သစ်ခိုးလမ်းကြောင်းနှစ်ခုဖျက်ဆီး

0
771

ထားဝယ်နှင့် ကော့သောင်းမြို့နယ်ရှိ သစ်ခိုးထုတ်နေသည့် လမ်းကြောင်း နှစ်ကြောင်းကို မတ်လဆန်းက ဖျက်ဆီး လိုက်ကြောင်း တနင်္သာရီတိုင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။

မြန်မာ့သစ်လုပ်ငန်းမှ သစ်ထုတ်ပြီး ကျန်ခဲ့သည့် လမ်းကြောင်းများဖြစ်သည့် နွားလဘို့ကြိုးဝိုင်းမှ ညောင်ချောင်း၊ ဆိပ်ချောင်းမှတစ်ဆင့် ထားဝယ်မြို့သို့ ဆက်သွယ်ထားသည့်လမ်းကြောင်းနှင့် ကော့သောင်းမြို့မှ မာရမ်းကျေးရွာကို သွားသည့် လမ်းကြောင်းတို့ကို ဖျက်ဆီး ခဲ့ကြောင်း အထက်ပါဌာန ဦးစီးမှူး ဦးဖေချစ်က ပြောသည်။

သစ်ခိုးထုတ်သူများသည် မြန်မာ့ သစ်လုပ်ငန်းမှ သစ်ထုတ်ပြီးကျန်ခဲ့ သည့်လမ်းကြောင်းများကို အသုံးပြုနေ ခြင်းကြောင့် ယင်းသို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြန်မာ့သစ်လုပ်ငန်းက သစ်ထုတ် ပြီး ကျန်ခဲ့တဲ့ လမ်းကြောင်းတွေကနေ တရားမ၀င်သစ်တွေ ကားတွေ ဘာတွေနဲ့ သယ်လို့မရအောင် အဲဒီလမ်းမှာ ခြံစည်း ရိုးခတ်တာ၊ ကန့်လန့်ဖြတ် မြောင်းဖောက် တာတွေ လုပ်လိုက်တာ” ဟု ဦးဖေချစ်က ဆိုသည်။

တရားမ၀င် သစ်ခိုးထုတ်ခြင်းများ များပြားလာနေသဖြင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သစ်ခိုးထုတ်နေ သည့် လမ်းကြောင်းများဖျက်ဆီးရန် သစ်တောဦးစီးဌာနက ဖေဖော်ဝါရီလတွင်ညွှန်ကြားခဲ့ပြီးနောက် တနင်္သာရီ တိုင်းတွင် ယင်းလမ်းကြောင်း နှစ် ကြောင်းကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

သစ်ခိုးထုတ်မှုလမ်းကြောင်းများကို မဖျက်ဆီးခြင်းနှင့် လမ်းသစ်များထပ်မံ ပေါ်ပေါက်လာပါ သက်ဆိုင်ရာ နယ်မြေ တာဝန်ရှိသူများကို ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သစ် တောဦးစီးဌာနရုံးချုပ်၏ ညွှန်ကြားစာ တွင် ဖော်ပြထားသည်။

“သူတို့ကတော့ ဒီလမ်းကြောင်းနှစ် ကြောင်းတည်းသိလို့ ဖျက်ဆီးတာဆို ပေမယ့် ထုတ်ချင်ရာကနေ ထုတ်နေကြ တာပဲ”ဟု သစ်တောဥပဒေစိုးမိုးမှု အုပ်ချုပ် မှုနှင့် ကုန်သွယ်မှုဆိုင်ရာ အစီအစဉ် (FLEGT Myanmar)၏ အမျိုးသား အဆင့်ကိုယ်စားလှယ် ဦးဇော်သူရက ဆို သည်။

တနင်္သာရီတိုင်းအတွင်းရှိ သစ်ခိုး လမ်းကြောင်းအချို့တွင် ဒေသခံများ ဥယျာဉ်ခြံသို့ သွားလာရာတွင် အသုံးပြု နေသည့် လမ်းကြောင်းများရှိနေသဖြင့် ဖျက်ဆီးရန် အခက်အခဲရှိကြောင်း ဦးဖေချစ်က ပြောသည်။

ယခုဖျက်ဆီးလိုက်သည့် လမ်း ကြောင်းနှစ်ကြောင်းမှာ ကျေးရွာချင်း ဆက်လမ်း၊ ဒေသခံများ ဥယျာဉ်ခြံသို့ သွားလာနေသည့် လမ်းကြောင်းများ မဟုတ်ကြောင်း တိုင်းသစ်တောဦးစီးဌာန ထံမှ သိရသည်။

Dawei Watch