ကော့သောင်းတွင် အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲ ပြုလုပ်မည်

0
404

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး လူထုထောက်ခံပွဲကို ဧပြီ ၃ ရက်တွင် ကော့သောင်းမြို့နယ် သီရိမြိုင် ရပ်ကွက် ပြည်သူ့ရင်ပြင်တွင် အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းကာ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါပွဲတွင် ဟောပြောရန်အတွက် ဦးနေမျိုးဇင်၊ ကဗျာဆရာစောဝေ၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်တို့ကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း အထက်ပါ ကော်မတီမှ သိရသည်။

“ပြည်သူတွေကလည်း အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုလားနေကြတယ် ဆိုတာကို ပြချင်တယ်၊ ဒါကြောင့် လူထု ထောက်ခံပွဲ လုပ်တာ”ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ ဦးမျိုးလွင်က ဆိုသည်။

အဆိုပါ ထောက်ခံပွဲတွင် ၂၀၀၈ အခြေခံဥပဒေ ဘာကြောင့်ပြင်စေချင်လဲ ဆိုတဲ့ အကြောင်းတွေကို ပြည်သူလူထု သိအောင် ဟောပြောပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ပေးရေး လူထုထောက်ခံပွဲများကို အခြားမြို့ကြီး များတွင်လည်း ကျင်းပလျက် ရှိသည်။

မိုးအိ