ပုလုံးတုံတုံး မြေဈေး သုံးဆနီးပါး ခုန်တက်

0
620

ကော့သောင်းမြို့နယ် ရွှေပြည်စိုး ကျေးရွာအုပ်စု ပုလုံးတုံတုံးကျေးရွာ ပင်လယ်ဖြတ်ကျော် တံတားအသစ် လုပ် ငန်းစပြီး နောက်ပိုင်း ကျေးရွာမြေဈေး တွေ ၃ ဆ နီးပါး ဈေးတက်သွားကြောင်း ပုလုံးတုံတုံးကျေးရွာခံများထံမှ သိရသည်။

သံကူကွန်ကရစ်တံတား တည်ဆောက်ပြီး မကြာမီ ကျေးရွာကမ်းခြေ နေရာတွင် ဟိုတယ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်လျက်ရှိပြီး ယင်း အခြေအနေများကြောင့် ကျေးရွာမြေဈေး တွေ ထိုးတက်သွားကြောင်း ကျေးရွာသား များက ပြောသည်။

ယခင် ပေ ၄၀ /၆၀ အိမ်ယာမြေ တစ်ကွက်လျှင် ဘတ် ၁ သိန်းကျော် (မြန်မာကျပ်ငွေ သိန်း ၆၀)သာ ရှိပြီး ယခုအခါ ဘတ် ၃ သိန်းကျော် ၄ သိန်း နီးပါ ( မြန်မာကျပ်ငွေ သိန်း ၁၅၀ ခန့်)အထိ ဈေးခုန်တက်သွားကြောင်း ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးဇင်ကိုက ဆိုသည်။

ကျေးရွာအ၀င်လမ်း နံဘေးနှင့် ကမ်းခြေ အဆင်းလမ်းတစ်လျှောက် ဈေးပိုကောင်းကြောင်း ၎င်းက ဆိုသည်။ “တံတားလည်း ကောင်းလာတော့မယ် ကမ်းခြေမှာလည်း အဆင့်မြင့်ဟိုတယ် ဘန်ဂလိုတွေ ရှိလာတော့မယ်ဆိုတော့ တချို့က စိတ်ဝင်တစားနဲ့ မြေကွက်တွေ လိုက်ဝယ်နေတာတွေ ရှိတယ်”ဟု ပုလုံး တုံတုံးကျေးရွာမှ ရွာခံဦးညွန့်ဝင်းက ဆိုသည်။

ပုလုံးတုံတုံး ပင်လယ်ဖြတ်ကျော် ကျေးရွာအ၀င် တံတားကြီးကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ခုနှစ်တွင် လုပ်ငန်းတည်ဆောက်မှု ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

မိုးအိ