တနင်္သာရီတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ် ၆ လုံး မီးလောင်

0
615

တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်တွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ် ၆လုံးမီးလောင်ခဲ့ကြောင်း မြို့နယ်မီး သတ်ဦးစီးဌာနထံမှ သိရသည်။

မတ်လ ၁၈ ရက် ညနေ ၄ နာရီခန့် တွင် ချောင်းကြီးရပ်ကွက်၊ ရွှေလိပ်ပြာ တိုးချဲ့ ၃ လမ်းရှိ နေအိမ်တစ်အိမ်၏ မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီး သတ်ဦးစီးဌာနထံမှ သိရသည်။

နေအိမ် ၆ လုံး မီးလောင်ခဲ့သည့် အပြင် မီးမကူးစက်စေရန်အတွက် နေအိမ် ၇ လုံး၏ အမိုးများ ဖြိုဖျက်ခဲ့ရပြီး တစ်နာရီခန့်အကြာတွင် မီးငြိမ်းသွားခဲ့ ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

“ဒီမီးလောင်မှုဟာ တနင်္သာရီမြို့ သက်တမ်းမှာ အဆိုးဝါးဆုံးအခြေအနေ တစ်ခု ပြောလို့ရတယ်” တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု ၆ ခုမှ လူ ၃၁ ဦးမှာ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်ရှိ ဘုန်းကြီးကျောင်း တွင် ယာယီနေထိုင်လျက်ရှိကြောင်း ဦးအောင်ကျော်ဟိန်းက ပြောသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်အား မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ကိုဆန်း