ကျပ် ၉ ဘီလီယံနီးပါးရှိလာသည့် GGS ဂက်စ်ဖိုးအကြွေး တိုင်းအစိုးရ တာဝန်ယူ တောင်းပေးရမည်

0
955

ထားဝယ်ခရိုင်တွင် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးနေသည့်  GGS ကုမ္ပဏီမှ အစိုးရသို့ပေးရမည့် ဂက်စ်ဖိုးကျပ် ၉ ဘီလီယံနီးပါး ရှိလာပြီဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရက တာဝန်ယူ တောင်းခံပေးရမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

မတ်လ ၁၄ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် ၀န်ကြီးဌာန၏ လစဉ် ပုံမှန် သတင်းစာရှင်းလင်းပွဲအပြီးတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဦးခင်မောင်ဝင်းက ယင်းသို့ အထက်ပါ အတိုင်းပြောဆိုခဲ့ကြောင်း မတ်လ ၁၅ ရက်ထုတ် ပုဂ္ဂလိက သတင်းစာများတွင် ဖော်ပြထားသည်။

မတ်လ ၁၄ ရက်နေ့အထိ GGS ကုမ္ပဏီမှ အစိုးရထံ ပေးရမည့်ငွေ ကျပ် ၈,၉၈၇ ဒဿမ ၉ သန်း ရှိနေပြီဖြစ် ကြောင်း ဦးခင်မောင်ဝင်းက ပြောကြား ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့်အတူ GGS ကုမ္ပဏီ၏ အဓိက တာဝန်ရှိသူ ၃ ဦး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူခံထားရပြီးနောက် ယင်းကုမ္ပဏီ၏ လုပ်ငန်းမရပ်သွားစေရန် အတွက် ထိန်းကြောင်း လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းအား မတ်လ ၁၅ ရက်နေ့က ဖုန်းဖြင့် နှစ်ကြိမ်ဆက်သွယ်ခဲ့ရာ ဦးခင်မောင်ဝင်းသည် အစည်းအဝေးသွားရောက် နေသည်ဟု ပြန်လည်ဖြေကြားခြင်းကြောင့် မေးမြန်းခွင့်မရခဲ့ပေ။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးကြည်လှိုင် (ယခုဝန်ကြီးရာထူးမှနုတ်ထွက်)ကိုလည်း မတ်လ ၁၅ ရက် နံနက်ပိုင်းက ဆက်သွယ်ခဲ့ရာ ၎င်းအနေဖြင့် ဖြေဆိုရန် မအား သေးကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

GGS ကုမ္ပဏီ၏ တာဝန်ရှိသူများ ဖြစ်သည့် ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့ကို ချုပ်မိန့်ရမန်ဖြင့် ထားဝယ် အကျဉ်းထောင်ရှိ တောင်အချုပ်တွင် ဖမ်းဆီးထားသည်။

Dawei Watch