နောက်ပိုး

0
1154

ချစ်ရသည့် ကောင်မလေးနောက် တကောက်ကောက်လိုက်ကာ ပိုးပန်း သည့်ခေတ် . . . ဟောင်းကျန်ရစ်ပြီလား။

ထားဝယ်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးကတော့ သူ့နောက်က တစ်ကောက်ကောက်လိုက် ပိုးသူဆိုလျှင် “တာ့တာပဲ”ဟု ပြောလာသည်။

“အနောက်ကနေ လိုက်ပြောတာမျိုး ကတော့ အနှောင့်အယှက် ဖြစ်တယ်။ မိန်းကလေးတစ်ယောက်အတွက် အိနြေ္ဒ ပိုင်းအရလည်း ထိခိုက်တယ်လေ။ အဲလို မျိုး လိုက်ပြောခံရရင်လည်း ကိုယ့်ဘာသာကိုယ် သိက္ခာကျတယ်လို့ ခံစားရတယ်”ဟု ထိုကျောင်းသူလေးက ဆိုလာသည်။

ခေတ်အခြေအနေအရ အခြား ပျိုကညာတို့သည်လည်း သူမ ခံယူချက် အတိုင်း ဖြစ်နေနိုင်ပါသည်။ ယခုခေတ် ကား ကမ္ဘာ့ရွာခေတ်၊ လက်ကိုင်ဖုန်း ခေတ်၊ အိုင်တီနည်းပညာ ထွန်းကား ဖွံ့ထွားလွန်းသည့်ခေတ်။

“ကိုယ်စိတ်ဝင်းစားတဲ့သူနဲ့ ယုံကြည် မှုရှိအောင် လူမှုကွန်ရက်မှာ အရင်ပြော ပြီးတော့မှ အပြင်မှာ တွေ့ကြတာများ တယ်” ဟု ထားဝယ်မြို့နေ အသက် ၂၁ အရွယ် ကိုချစ်ခင် ဆိုလာသည်။

လက်ရှိ အသက် ၃၀ ကျော်၊ ၄ ထိပ်စီးနှင့်အထက် ကိုကိုနောက်ပိုးကြီး တို့ခေတ်နှင့် မတူတော့။

ထိုကိုကိုနောက်ပိုးကြီးတို့ ခေတ်က  Facebook, Viber, Link စသည့် အိုင်တီ ဆက်သွယ်ရေးကွန်ရက် မဆို ထား၊ သာမန် တယ်လီဖုန်းလေးနှင့်ပင် ချစ်သူကို ပိုးခွင့် မရခဲ့ကြ။

“ကိုယ်တွေ ခေတ်တုန်းက ကောင် မလေးတစ်ယောက်ကို စာလိုက်ပေးတာ ရည်းစားစကား လိုက်ပြောရတာ မလွယ် ဘူး။ တော်ရုံဇွဲနဲ့တော့ ကောင်မလေး တစ်ယောက်ရဲ့ အဖြေကိုရဖို့ မလွယ် ဘူး”ဟု မြိတ်မြို့သား ကိုဦးက ပြောသည်။

အသက် ၄၂ နှစ်ရှိ ကိုဦးတို့ ခေတ်က ပိုးသူနှင့် အပိုးခံရသူကြား ကြားခံ စက်ပစ္စည်း အကူအညီ လုံးဝမရှိ။

လူအောင်သွယ် ရှိကောင်းရှိမည်။ အောင်သွယ်တော် မရှိလျှင် ကိုယ့် လက်ရုံးရည်၊ နှလုံးရည်အပြင် ခြေသလုံး ကိုပါ အားကိုးရသည့်ခေတ်။ ကိုဦးတို့ လူငယ်ခေတ်က ကောင်မလေးနောက် တစ်ကောက်ကောက် လိုက်ပိုးရသည့်ခေတ်။

တနင်္သာရီတိုင်း၏ မြို့ပြ၊ ကျေးလက် ကောင်မလေးတစ်ယောက်ကို လိုက်ပိုးရန် စက်ဘီးတစ်စီး ရှိထားရ သည့်ခေတ်။

ကိုယ်ပိုးနေသည့် ကောင်မလေး ကျောင်းသို့၊ ကျူရှင်သို့၊ ဈေးသို့၊ အလုပ်သို့၊ စာအုပ်ဆိုင်၊တိတ်ခွေဆိုင်သို့၊ အလှူသို့၊ ဟိုရွာဤရွာသို့ စက်ဘီးဖြင့် သွားသည်ကို ချောင်းနေမည်။ နောက်မှ ခြေသလုံးအားကိုးဖြင့် စက်ဘီးနင်း လိုက်မည်။ ဖောရောသောရော စကားဝင် ပြောမည်။

စက်ဘီးဖြင့် တစ်ကောက်ကောက် လိုက်ကာ မိမိစိတ်ဝင်စားနေကြောင်း၊ ချစ်နေကြောင်း ကောင်မလေး သိအောင် နှုတ်အမူအယာ၊ စကားအမူအယာ၊ မျက်နှာအမူအယာ ပြမည်။

အလျင်းသင့်လျှင် အသစ်ယူလာ သည့် ရည်းစားစာ ပေးမည်။ သို့မဟုတ်ဘဲ စကားပြောကောင်းသူ၊ သတ္တိရှိသူ ဆိုက အတင်းဖွင့်ပြောမည်။

စက်ဘီးဖြင့် တကောက်ကောက် လိုက်ကာ ချစ်ကြောင်း ပြမည်။ ချစ်ရေး ဆိုမည်။ အဖြေတောင်းမည်။

“ကိုယ့်ပတ်ဝန်းကျင်မှာ ရွှေစွန်ညို လာလုပ်နေတတ်တယ်။ ကိုယ်ဘယ်သွား မလဲဆိုတာ အမြဲမျက်စိဒေါက် ထောက် ကြည့်နေပြီး အခွင့်အရေးရရင် တစ်ကောက်ကောက် လိုက်တယ်။ ပြောရဲဆိုရဲတဲ့ ယောက်ျားလေးတွေက အတော် နည်းကြတယ်”ဟု အသက် ၄၀ နှစ်ခန့် ရှိပြီဖြစ်သည့် မြိတ်မြို့သူ မစန်းသူက သူမတို့ အပျိုအရွယ်က ဖြတ်သန်းခဲ့ရသည့် နောက်ပိုးဓလေ့ကို ပြန်ပြောပါသည်။

ထိုသို့ တစ်ကောက်ကောက်လိုက်၍ လူပျိုလေးတို့က အပျိုလေးတို့အား ပိုးပန်းကြသည်ကို ထိုခေတ် ပတ်ဝန်း ကျင်က အပြစ်ယူလေ့ မရှိပါ။

အပိုးခံရသည့် ကောင်မလေးတို့က လည်း သိက်္ခာကျရပါသည်ဟု မယူဆ ကြပါ။ မိမိကြည်ဖြူသူ ထိုသို့တစ်ကောက် ကောက်လိုက်ပိုးပါက တိုးတိတ်တိတ် ရင်ခုန်၊ ရင်တုန်ပျော်မြူး ကြည်နူး ဂုဏ်ယူ။

“အပိုးခံရတာတော့ များသား။ ရင်ခုန်စရာဆိုတာထက် စိတ်လှုပ်ရှား တာပေါ့ ရည်းစားစကားပြောခံရရင်။ အစ်ကိုတွေနဲ့လည်း သူတို့တွေ ရန်ဖြစ်ရ တာ ခဏခဏ။ ကိုယ်ကတော့ ဂုဏ်ယူ သလိုလိုပေါ့ အဲ့ချိန်က”ဟု ကော့သောင်း အေးရိပ်ငြိမ်ရပ်နေ အသက် ၃၀ အရွယ် မသဇင်က ပြောသည်။

ယင်းသို့ ပိုးသူ၊ အပိုးခံရသူတိုင်းတွင် ယခုထိ မေ့မရနိုင်သော တိုက်ဆိုင် တိုင်း သတိရလာတတ်သော လွမ်းမော ဖွယ်၊ ရင်ခုန်ဖွယ်၊ ၀မ်းနည်းဖွယ်၊ ကြည်နူး ဆွတ်ပျံ့ဖွယ် အတွေ့အကြုံကိုယ်စီ ရှိနေ တတ်ပါသည်။

ထားဝယ်မြို့သား ကိုချစ်ခင်၏ အမှတ်ရစရာ အဖြစ်အပျက်ကား စိတ်လှုပ်ရှားစရာ ကောင်းလွန်းပါသည်။

ဆောင်းတွင်း မနက်ခြောက်နာရီ ခန့်၊ ချစ်သူနောက်က တစ်ကောက် ကောက် လိုက်ပိုးရန် ဇွဲကောင်းကောင်း ဖြစ် အိပ်ယာကထ။ လူပြတ်သည့်လမ်း ဆောင်းနှင်းဖွေးဖွေးကြားတွင် ထိုင်။ လူသွားလူလာလည်းမရှိတော့ ချစ်သူနှင့် တွေ့လျှင် လွတ်လွတ်လပ်လပ်။ ပိုင်ပြီဟု စိတ်ကူးဖဲရိုက်ရင်း ချစ်သူလာမည့်လမ်း ကို မျှော်ယောင်ယမ်းနေချိန်..၊

“ခွေးလိုက်ဆွဲလို့ ထွက်ပြေးရတာ ဆောင်းတွင်းကြီး ချွေးတောင်ပြန်လို့”

တချို့ကလည်း မိမိချစ်သူကောင် မလေးကို ပိုးခွင့်ရမည်ဆိုလျှင် ရှေ့နောက် ချိန်ဆမနေ။

မြိတ်သား ကိုဦးတစ်ယောက် မိမိပိုး နေသည့် ဆယ်တန်းကျောင်းသူ အိမ်ပြန် ခရီးကို ကားဂိတ်သို့ သူငယ်ချင်းတစ်ဦး နှင့်အတူ နောက်ယောင်ခံ လိုက်မိရာမှ ကောင်မလေး ကားပေါ်တက်သော် စိတ် မထိန်းနိုင်။

စက်ဘီးကို သော့ခတ်ကာ ကား နောက်မြီးခိုတွဲတော့ သူငယ်ချင်းကလည်း အတူတွဲ။

ကားတွယ်စီးရင်း ကောင်မလေးကို ခိုးခိုးကြည့်၊ ခရီးက ရောက်မှန်းမသိ ရောက်ရင်း ကောင်မလေးရွာရောက်တော့ မိုင် ၂၀ ကျော်။

အပြန်ကားက မရှိ၊ ဆိုင်ကယ် တက်္ကဆီခေတ်လည်း မဟုတ်။ ညအိပ်ရန် လည်း အသိအိမ်မရှိ။

အတူပါသူငယ်ချင်း၏ ဗျစ်တောက် ဗျစ်တောက် ဆဲဆိုသံကို နာခံရင်း၊ ဆာ နေသည့် ဗိုက်ကို ကြုံသည့်ဆိုင်တွင် ရေနွေး ကြမ်း၊ လက်ဖက်သုပ်လေးဖြင့် ဖြည့်တင်းရင်း မြို့ပြန်ခရီးရှည်ကို ခြေလျင်ဒိုး။

ဆယ်မိုင်လောက် လျှောက်ပြီးမှ ၀က်တင်ကားဖြင့် မြို့ကို လမ်းကြုံလိုက်ခဲ့ ရသည့် မိုးမမြင်လေမမြင် နောက်ပိုး နေ့ရက်တွေ။

“ကောင်မလေးက အဲဒီမှာ သနား အဖြေပေးလိုက်တယ်”ဟု ကိုဦးက ပြန်လည် စမြုံ့ပြန်ပါသည်။

ယခုခေတ်ကား စက်ဘီးခေတ် မဟုတ်တော့။ ဆိုင်ကယ် တ၀ီတီခေတ်။ ဆိုင်ကယ်ဖြင့် သွားနေသည့် ကောင် မလေးကို ဆိုင်ကယ်ဖြင့် လိုက်ပိုးကြ သည်ရှိသော်လည်း အန္တရာယ်များလှ သည့်ခေတ်။

ထို့အတူ ယင်းသို့ ဆိုင်ကယ် တ၀ီဝီဖြင့် ဘေးခြင်းယှဉ်မောင်းကာ တကောက်ကောက်လိုက်ပိုးလျှင် သရုပ်ပျက်သည်၊ စရိုက်ကျသည်၊ သိက္ခာ ကျသည်ဟု ထင်မြင်ယူဆလာကြသည့် ခေတ်သို့ ရောက်ရှိခဲ့လေပြီ။

“နောက်ကနေ စကားလိုက်ပြောတာ မတွေ့ရတော့ဘူး။ လိုက်ပြောဖို့ကလည်း တော်တော် ခဲယဉ်းသွားတယ်” ဟု ထားဝယ်မြို့သား ကိုချစ်ခင် ဆိုလာသည်။

တစ်ချိန်က နောက်က တကောက် ကောက် လိုက်ပိုးခံခဲ့ရဖူးသည့် ကော့သောင်း အေးရိပ်ငြိမ်ရပ်ကွက်သူ မသဇင်သည်လည်း ယခုခေတ်တွင် တကောက်ကောက် နောက်ပိုးလေးများကို မတွေ့ရတော့ဟု ဆိုသည်။

“ခုခေတ်က လိုက်ပိုးစရာမလို တော့ဘူး၊ ဖုန်းနဲ့ ဆက်သွယ်ရုံပဲလေ”ဟု မသဇင်က ဆိုသည်။

တစ်ခါတရံသော ညနေစောင်းများ တွင် စက်ဘီးလေးကို ငြိမ့်ငြိမ့်လေး စီးနေသည့် ကောင်မလေး၏နံဘေး၊ ဆိုင်ကယ်လေးကို နွဲ့နွဲ့လေး စီးနေသည့် ကောင်မလေးတယောက်ယောက်၏ နံဘေးတွင် နောက်ပိုးကောင်လေးက သိမ်မွေ့နူးညံ့စွာဖြင့် နှစ်ကိုယ်ကြား စကားလိုက်ပြောနေသော မြင်ကွင်းမျိုး ကို ကြည်နူးဖွယ် တွေ့ရတတ်ပါသည်။

ထိုသို့သော မြင်ကွင်းမျိုးက အသက် ၃၀ ကျော် ၄ ထိပ်စီးနှင့်အထက် နောက်ပိုး ကိုကိုများ၊ အပိုးခံမမကြီးများအတွက် ငယ်မူငယ်သွေး ပြန်ကြွစေသော၊ ရင်ခုန် ကြည်နူးဖူးခဲ့ရသည့် အတိတ်ကာလကို ပြန်လွမ်းဆွတ် အမှတ်ရစေသော မြင် ကွင်းမျိုး ဖြစ်နေတတ်ပါသည်။

တနင်္သာရီသတင်းအဖွဲ့