ချစ်တယ်နော်၊ အလိုမလိုက်ဘူး

0
995

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် သည် တိုင်းသားတို့တစ်ခဲနက် ထောက်ခံခဲ့ဖူး၊ ချစ်ပြခဲ့ဖူးသူဖြစ်သည်။ သို့သော် အလိုမလိုက်ခဲ့။ လုပ်ရပ်အမှား များကို နိုင်သည့်အားဖြင့် ထောက်ပြကြ၊ ဖော်ထုတ်ခဲ့ကြသည်မှာ တိုင်းသိပြည်သိ။

မတ်လ ၁၀ ရက်တွင် ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိအမှုဖြင့် ထိန်းသိမ်းလိုက်သည်။ မတ်လ ၁၁ ရက် နေ့တွင် ၀န်ကြီးချုပ်တာဝန်မှ ရပ်စဲလိုက်သည်။

မတ်လ ၁၁ ရက်နေ့စွဲဖြင့်ပင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်အား ခေတ်္တ ၀န်ကြီးချုပ်တာဝန်ကို ပူးတွဲပေးအပ်ခဲ့သည်။

မြန်မာ အဘိဓာန်တွင် “ခေတ္တ”ကို “ခဏမျှ”ဟု ကြိယာဝိသေသနပြု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

သို့ကြောင့် ရက်ပိုင်းအတွင်း ၀န်ကြီးချုပ်သစ်တစ်ဦး ခန့်အပ်ပါလိမ့်မည်။

၂၀၁၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (ခြေ/ဥ)ပုဒ်မ ၂၆၁ အရ နိုင်ငံတော် သမ္မတက အသက် ၃၅ နှစ် ပြည့်ပြီးသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များတစ်ဦးကို ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ရမည်ဖြစ်သည်။

သမ္မတ ရွေးချယ်ထားသူအမည် စာရင်းကို တိုင်းလွှတ်တော်၏ သဘောတူညီချက်ရယူ၍ ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည် ဖြစ်သည်။

သမ်္မတမှ ရွေးချယ်သူကို သတ်မှတ် ထားသည့်အရည်အချင်းနှင့် မပြည့်စုံ ကြောင်း အထင်အရှား မပြနိုင်ပါက တိုင်းလွှတ်တော်က ငြင်းခွင့် မရှိပါ။

ငြင်းခွင့် ရှိသူက ကာယကံရှင် ကိုယ်တိုင်သာ ဖြစ်ပါမည်။

မည်သည့်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်က ငြင်းမည်နည်း။

ဝန်ကြီးချုပ်ရာထူးဆိုသည်မှာ တော် ရုံ ရရန်မလွယ်။ မိမိနှင့် သင့်တော် ၍သာ ရသည်၊ မိမိကို သမ်္မတက၊ ဗဟိုက သင့်တော်၍ တာဝန်ပေးသည်ပဲ။ လုပ်ရ မှာပေါ့ဟု ဆိုကြလိမ့်မည် ထင်သည်။

ထိုသူများကို အောက်ပါမေးခွန်းများ မေးလိုသည်။

ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရေး အဘက်ဘက်က အသင့် ဖြစ်နေပြီလော။

မိမိတွင် ၀န်ကြီးချုပ်တစ်ဦးအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် အရည်အသွေးများ ဖြည့်တင်းထားပြီး၏လော။

မိမိ ယုံကြည်ပြီး၏လော။

ကျန်လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းတွင်းလူထုက မိမိကို ၀န်ကြီးချုပ် လုပ်နိုင်သည့် အရည်အချင်းရှိသည်ဟု လက်ခံထားပြီး၏လော။

ငါ ၀န်ကြီးချုပ်ဖြစ်လာခဲ့လျှင် ဘာတွေ လုပ်ဆောင်မည်ဟူသည် အနာဂတ်ရည်မှန်းထားမှု(Vision) ကို ကြိုမြင်ထားပြီလော။

ယင်းရည်မှန်ချက်ကို မည်သို့ ဖော်ဆောင်မည်ဟူသည့် (Mission)ကို ကြိုတင်ချမှတ်ပြီးလော။ ရည်မှန်းချက်ကို အရောက်လှမ်းရာတွင် ရောက်ရှိရမည့် ပန်းတိုင်များ(Goals)ကို ကြိုမြင်ထားပြီး ပြီလော။

ဝန်ကြီးချုပ် သက်တမ်းတစ်လျှောက် အဆင့်ဆင့်သော လုပ်ငန်းစဉ်များကို ဘာတွေ ဘယ်လို အကောင်အထည်ဖော် လုပ်ဆောင်မည်ဟူသည့် (Work Plan) ကြိုဆွဲထားပြီးပြီလော။

အချုပ်မေးလိုသည်မှာ ၀န်ကြီးချုပ် တစ်ဦးတွေ့ကြုံရမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး မိမိသက်တမ်းတစ် လျှောက်လုံး သေချာဂဏစွာ ကြိုတင်ပြင်ဆင်လာခဲ့၏လော။

ယင်းမေးခွန်းများကို မဖြေနိုင်ဘဲ ၀န်ကြီးချုပ်တာဝန် လက်မခံသင့်ပါ။

ထိုထက်ပို သတိပြုရမည့် မြေပြင်အခြေအနေတွေက ရှိသေးသည်။

တနင်္သာရီတိုင်းသည် အဓိက မဏ္ဍိုင်တို့ အားပြိုင်ရင်း၊ ဦးဆောင်သူတို့ အချင်းချင်း မျက်နှာမူ အပြန်အလှန် လက်ညှိုးထိုးရင်း ရှေ့မရောက်နိုင် ဖြစ်နေသည်မှာ နှစ်ချီ ကြာခဲ့ပြီ။

ဒီထက်ပို ရန်ဖြစ်နေကြဖို့ မသင့်တော့။ ပြန်ချစ်ဖို့ အချိန်တန်ပြီ။

ယင်းအတွက် အသစ်တက်လာမည့် ၀န်ကြီးချုပ်သည် အခရာ ကျလွန်းနေသည်။ တာဝန် ရှိလွန်းနေသည်။

လက်ကျန် ၀န်ကြီးချုပ်သက်တမ်းမှာ သမ္မတသက်တမ်းနှင့်အညီဖြစ်၍ အချိန်များစွာ မကျန်တော့။ ၂ နှစ်ခန့်သာ ကျန်တော့သည်။

လက်ကျန်အချိန်အတွင်း အစွမ်းမပြ နိုင်သည့်တိုင် သာမန်လောက်ဖြင့်ဆိုက တိုင်းသားတို့ ၅ နှစ်တာ အရှုံးရလဒ် ထွက်လိမ့်မည်။

ယင်းတို့ကို တွက်ဆ၊ မိမိကိုယ်ကို မေးခွန်းများစွာ ထုတ်ပြီးမှ ၀န်ကြီးချုပ် တာဝန် လက်ခံစေလိုသည်။

တာဝန်လက်ခံပြီးမှ “ကံဆိုးလွန်းလို့ ၀န်ကြီးချုပ် ဖြစ်လာတာပါ” ဟု အရူးကွက်နင်းလျှင် တစ်တိုင်းလုံး နစ်နာ ရလိမ့်မည်။

တာဝန်နှင့် မထိုက်တန်သူ၊ ၀န်ကြီး ချုပ်ဖြစ်လာက အဓိက အထိနာသူမှာ တိုင်းသူတိုင်းသားတို့ ဖြစ်သည်။

သို့ကြောင့် သမ်္မတမှ ၀န်ကြီးချုပ်တာဝန်ပေးခံရသူအနေဖြင့် မှန်ရှေ့ သွားကာ မိမိကိုယ်ကို မေးခွန်းထုတ်ပါ။

“ငါ ၀န်ကြီးချုပ်လုပ်ဖို့ အဆင်သင့် ဖြစ်ရဲ့လား”

တာဝန်ပေး၍ လုပ်ရပါသည်ဟူသော ဆင်ခြေက မလုံလောက်ကြောင်း မိမိရှေ့တွင် သာဓကများစွာ ရှိခဲ့ပြီး ဖြစ်သည်။

တာဝန်အပ်နှင်းခံရမှုနှင့် ပတ်သက်၍လည်း အကောက်အယူ အလွဲစေလိုပါ။

ပေးအပ်လာသည့် ကြီးမားခမ်းနားသော ရာထူးတာဝန်ကို ယူရဲမှ သတ်္တိ မဟုတ်ပါ။

ထိုရာထူးတာဝန်ကို မိမိမထမ်းနိုင် မှန်းသိ၍ ပြတ်သားစွာ ငြင်းရဲခြင်းသည်လည်း ဂုဏ်ပြုထိုက်သည့် သတ်္တိဖြစ် ပါသည်။ မိမိနှင့် မထိုက်တန်သည်ကို ဥပေက်္ခာပြု နိုင်ခြင်းသည် မြင့်မြတ်သော သတ်္တိဖြစ် ပါသည်။

မငြင်းဘဲ ရာထူးကို ငမ်းငမ်းတက် လက်ခံလိုက်ပြီးမှ အ၀ှာမနိုင်ဘဲ ပဲဟင်း စားမိသလို ရှုံ့တွတွကြီး ဖြစ်နေလျှင် နဂိုရှိနှင့် ဂုဏ်ကျက်သရေတို့ ဆုတ်လျော့သွားပါလိမ့်မည်။

ဝန်ကြီးချုပ်သည် လွှတ်တော်တွင် ကျမ်းကျိန်ရသည်။

ဝန်ကြီးချုပ်ခုံပေါ်ထိုင်ပြီးမှ “ကျွန်တော် ကျွန်မ အစိုးရ မလုပ်တတ် ပါဘူး” ပြောလျှင် ကျမ်းစူးလိမ့်မည်။

မည်သို့ဆိုစေ တနင်္သာရီတိုင်းသားတို့က ၀န်ကြီးချုပ် အသစ်တစ်ဦး၏ စီမံအုပ်ချုပ်မှုအောက် မကြာခင် ရောက်ရှိ ရတော့မည်။

ပေါ်ပေါက်လာမည့် ၀န်ကြီးချုပ်အသစ်တွင် ၀န်ကြီးချုပ်တစ်ဦး၌ လိုအပ်သည့် အရည်အချင်းများ ပါဝင်ပြီး သား ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ဖြစ်လာမည့် ၀န်ကြီးချုပ်အသစ်သည် တိုင်းသူတိုင်းသားတို့သည် ချစ်ခင် အားကိုးပြီးသားသူ ဖြစ်နေလောက် ပါသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ ၀န်ကြီးချုပ် ဖြစ်လာနိုင်သည့် ရွေးကောက်ခံကိုယ်စားလှယ်အားလုံး သည် တနင်္သာရီတိုင်းသားတို့က မဲဆန္ဒ နယ်အလိုက် သောင်ပြိုကမ်းပြို တစ်ခဲနက် မဲပေးခဲ့ပြီးသား ပုဂ်္ဂိုလ်များသား ဖြစ်ပါ သည်။(တပ်မတော်သားကိုယ်စား လှယ်များကိုတော့ သမ္မတက ၀န်ကြီးချုပ် ခန့်မည် မထင်ပါ)။

တစ်နည်းဆိုလျှင် တရှိုက်မက်မက် ချစ်ပြခဲ့ပြီးသူများထဲမှသာ ၀န်ကြီးချုပ် ဖြစ်လာမည် ဖြစ်သည်။

သို့သော် သတိချပ် စေလိုပါသည်။

ဝန်ကြီးချုပ်တာဝန်သည် ကိုယ်လက်ခံ၍သာ ပေးအပ်ခံရသည့်တာဝန် ဖြစ်ပါသည်။

တာဝန်ယူမည့်သူကို ကြိုသတိပေး လိုပါသည်။

ဝန်ကြီးချုပ်ဟောင်းကိုလည်း အကြိမ်ကြိမ် သတိပေးဖူးပါသည်။

“ချစ်တယ်နော်၊ အလို မလိုက်ဘူး”

မင်းခန့်