တနင်္သာရီကိစ္စ တကယ့် တာဝန်ရှိသူ

0
1376

တနင်္သာရီဝန်ကြီးချုပ် အဂတိမှုဖြင့် တရားစွဲ အဖမ်းခံလိုက်ရသည်။ သဘော တရားအားဖြင့်တော့ သူလာဘ်စားသည် ဟု စစ်ဆေးတွေ့ရှိမှုဖြင့် တရားစွဲခံလိုက် ရသည်။ အဖမ်းခံလိုက်ရသည်။

သို့သော် အဖြစ်သနစ်ကား ထိုမျှ မရိုးရှင်းလှပါ။ ခုတ်လှဲလိုက်ရသည့် တစ်ပင်တည်း မကြည့်ဘဲ ယင်းအပင်ဖြစ်လာစေသည့် ရေခံမြေခံနှင့် တစ်တောလုံး သဘောကို ကြည့်ရန်လိုပါသည်။

အဂတိလိုက်စားမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရ ထိုမျှ လူသိနတ်ကြား လုပ်ရဲကိုင်ရဲရှိအောင် မည်သည့် အခြေ အနေများက ပေးလာခဲ့သနည်း။

အာဏာအလွဲသုံးစားရန် အခါတော် ပေးများ၊ ဘေးမှမြှောက်ပင့်ပေးမှုများ၊ ယိုယွင်းနေသော သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွင်းစနစ်များ၊ အစိုးရယန်္တရား စနစ်များကလည်း ထိုအခြေအနေကို ဖန်တီးပေးနေသလား။

ဒေါက်တာလဲ့လဲ့မော်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်၂၀၁၂ ခုနှစ်နောက်ပိုင်းကမှ ၀င်ရောက်လာခြင်း ဖြစ်ပြီး နိုင်ငံရေးသက်တမ်း များစွာ နုနယ်သေးသူ ဖြစ်သည်။ ထားဝယ်မြို့၏ တောင်ဘက် မိုင် ၂၀ ခန့် အကွာရှိ သရက်ချောင်းမြို့တွင် ဆေးကုအသက် မွေးနေသော သာမန် ဆရာဝန်တစ်ဦးသာ ဖြစ်သည်။ ပါတီဝင်ပြီးနောက် ချက်ချင်း ဆိုသလိုပင် တနင်္သာရီတိုင်းဒေသကြီး အလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်လာ ခဲ့သည်။

နိုင်ငံရေး၊ တိုင်းရေးပြည်ရာ၊ အုပ် ချုပ်ရေးရာနှင့် ဒီမိုကရေစီရေးရာများကို အသေအချာ လေ့လာသင်ယူခဲ့ဖူးသူ                မဟုတ်ဘဲ ဆရာဝန်လုပ်ငန်း ပိုအားသန် သူဟု ၎င်းင်းနှင့်အတူ ရက် ၂၀ ကြာ နိုင်ငံရေးဆိုင်ရာ သင်တန်းတက်ဖူးသူတစ်ဦးက ပြန်ပြောင်းပြောပြသည်။ သို့သော် သင် ယူရန် လေ့လာအားသန်သူဖြစ်ပြီး                 အတတ်မြန်သူဖြစ်သည်ဟု ဆိုသည်။

လုပ်ဖော်ကိုင်ဖက် ပါတီဝင်အချို့၏ အဆိုအရ ပါတီဝင်စ ဒေါက်တာလဲ့လဲ့ မော်မှာ မာနထောင်လွှားခြင်း မရှိဘဲ ခပ်ရို့ရို့သာ နေထိုင်တတ်ပြီး နာခံတတ် သူ ဖြစ်သည်။

ထိုသို့ဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရသော တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသည်။ အမျိုးသား ဖြစ်သူနှင့်အတူ နေထိုင်သော သရက် ချောင်းမြို့နယ် မဲဆန်္ဒနယ်မှ ၀င်ရောက် ယှဉ်ပြိုင်သည်။ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဖြစ်လာသည်။ သူ့ကို ၀န် ကြီးချုပ်အဖြစ် ရွေးချယ်လိုက်ခြင်းကို တနင်္သာရီတိုင်းဒေသကြီးရှိ ထိပ်ပိုင်း    ပါတီတာဝန်ရှိသူ အချို့ကပင် အံ့သြကြ သည်။

တနင်္သာရီတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး၏ ခယ်မဖြစ်သဖြင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးခံခဲ့ရ ကြောင်း အများက ထင်မြင်ယူဆထားခြင်း ခံရသူ ဖြစ်သည်။ သို့သော်လည်း ထိုသို့ ယူဆချက်မှာ မဟုတ်ကြောင်း ဒေါက်တာ လဲ့လဲ့မော်က ငြင်းဆိုဖူးသည်။

ဝန်ကြီးချုပ်ဖြစ်လာခါစ ရေး- ထားဝယ် အဝေးပြေးလမ်းအရည်အသွေး ကို ရှောင်တစ်ခင် စစ်ဆေးပြီး အရာရှိ အချို့ကို အရေးယူခဲ့ဖူးသည်။ ဆိုင်ကယ် လိုင်စင်များကို ငွေကြေးယူ လုပ်ဆောင်မှု ရှိသည်ဟုဆိုကာလည်း ကညန အရာရှိ နှင့် ၀န်ထမ်းအချို့ကိုလည်း အရေးယူခဲ့ ဖူးသည်။ ထိုစဉ်က လက်ခုပ်သံ အတော် ရခဲ့ဖူးသည့်ကိစ်္စ ဖြစ်သည်။ ရှင်းရှင်းဘွင်း ဘွင်း ပြောတတ်မှုကြောင့်လည်း လူသိ များသူ ဖြစ်သည်။

သို့သော် များမကြာမီ လေယာဉ် ချုံရှင်းကိစ်္စမှ မီးခိုးကြွက်လျှောက် စဖြစ် တော့သည်။ ယင်းမှာလည်း ထားဝယ် တက်္ကသိုလ် အလောတကြီး ချုံရှင်းရန် လိုအပ်ခဲ့ရာမှ ဆက်နွယ်ဖြစ်လာခြင်း ဖြစ် သည်။ လူသိများ အဆိုးဝါးဆုံးမှာ ထားဝယ်ခရိုင်ကို လျှပ်စစ်ဓာတ်အားပေးရန် GGS ကုမ္ပဏီနှင့်ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်သည်။

GGS ကို လျှပ်စစ်ဓာတ်အား လုပ်ပိုင်ခွင့်ပေးလိုက်ကြောင်း ရှင်းလင်းပွဲကို ထားဝယ်မြို့တော်ခန်းမတွင် ကျင်းပခဲ့စဉ်က တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် GGS ကုမ္ပဏီတို့ ချုပ်ဆိုထားသောစာချုပ်ကို ထုတ်ဖော်ပြသခဲ့သည်။

ထုတ်ပြန်လိုက်သော ယင်းစာချုပ်တွင် ဖြည့်သွင်း အတည်ပြုရခြင်း မရှိသေးသော ကွက်လပ်များ ပါဝင်မှု ကြောင့် များစွာဝေဖန်စရာ ဖြစ်ခဲ့သည်။ နောက်ဆုံး ထိုကိစ္စကို ကွက်လပ်တိုင်းဌာနီဟု ဝေဖန်ရေးသားခဲ့သော တနင်္သာရီအပတ်စဉ်ဂျာနယ်ကို မဲဆွယ်အပြုံး သရော်စာတစ်ပုဒ် အကြောင်းပြု၍ တရားစွဲဆိုခဲ့သည်။

တရားစွဲဆိုရာတွင် မဲဆွယ်အပြုံး အမည်ရ သရော်စာကို စွဲဆိုခဲ့သော်လည်း ယင်းမတိုင်မီ ကွက်လပ်တိုင်းဌာနီ ဟူသော ဆောင်းပါးသရော်စာတစ်ပုဒ် ပုံနှိပ်ဖော်ပြဖူးသည်။

ယင်းသရော်စာမှာ GGS နှင့် ချုပ်ဆိုထားသော စာချုပ်အကြောင်း သရော်ရေးသားထားသော ဆောင်းပါးဖြစ် သည်။ တရားစွဲဆိုရာတွင် မဲဆွယ်အပြုံး သရော်စာကို အခြေခံ အမှုတည်ဆောက် စွဲဆိုခဲ့သော်လည်း ကွက်လပ်တိုင်းဌာနီ သရော်စာသည် ၀န်ကြီးချုပ် မကျေနပ်မှု အရင်းခံလာခဲ့သော သရော်စာဖြစ်ပုံရသည်။

GGS ကုမ္ပဏီနှင့် တိုင်းအစိုးရအဖွဲ့တို့ ချုပ်ဆိုထားသော ကွက်လပ်စာချုပ် တစ်ခုလုံးမှာ မီဒီယာမှတစ်ဆင့် အများပြည်သူသို့ ပျံ့နှံ့သွားခဲ့ပြီး များစွာဝေဖန် စရာဖြစ်ခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဝေဖန်ထောက်ပြသော မီဒီယာကို တရားစွဲခဲ့သည်။

နိုင်ငံရေးဝါနုပြီး ပါတီတွင်လည်း စီနီယာကျခြင်း မရှိသူ၊ မူလက ခပ်ရိုးရိုး အေးအေး နာခံတတ်သူတစ်ဦးမှာ ထိုသို့သော ကွက်လပ်စာချုပ်ချုပ်ဆိုရဲခြင်း၊ ဝေဖန်သူများကို မျက်ကွယ်ပြုကာ နောက်ဆုံး ၀န်ကြီးချုပ်ဖြစ်လာပြီး ၂ နှစ်မပြည့်မီတွင်ပင် မီဒီယာကို တရားစွဲဆိုရဲခြင်းတို့မှာ မသိနားမလည်မှုကြောင့်လည်း ဖြစ်နိုင်သည်။ ယင်းအပြင် ထိုသို့ ပြုမူဆုံးဖြတ်ရန် မီးစိမ်းပြသူ၊ မြှောက်ပေးသူအချို့ကြောင့်လည်း ဖြစ်နိုင်သည်။

ဝန်ကြီးချုပ် အမှားလုပ်သည်ရှိပါက စောစောစီးစီး သတိပေး ထိန်းသိမ်းရမည့် အစား မြှောက်ပင့်ပေးသူ အချို့ကြောင့် ဖြစ်နိုင်သည်။ မည်သူတို့က ကြိုးကိုင်မြှောက်ပေးခဲ့ကြသနည်း။

မြန်မာနိုင်ငံရှိ နာမည်ကြီး ဘဏ် လုပ်ငန်းရှင်တစ်ဦး အပါအ၀င် GGS နှင့် ပတ်သက်ဆက်နွှယ်သော ကုမ္ပဏီ အချို့တနင်္သာရီတိုင်းဒေသကြီးသို့ ရောက်လာပြီး စီးပွားရေးလုပ်ငန်းများ လာရောက် ကြည့်ရှု ကွင်းဆင်းခဲ့သေးသည်။

အချို့ကွင်းဆင်းခရီးစဉ်များကို ၀န်ကြီးချုပ် ကိုယ်တိုင်လိုက်ပါခဲ့သည်။

ယင်းကိစ္စများကို သတင်းမီဒီယာ အပါအ၀င် လူထုက လူမှုကွန်ရက်မီဒီယာ တို့မှတစ်ဆင့် ဝေဖန်ပြောဆိုကြသော်လည်း နားမထောင်သည့်အပြင် အခြေအနေမှာ ပိုဆိုးလာခဲ့သည်။

နောက်ဆုံး GGS ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ဖိုး အကြွေးကိစ္စ ဖြစ်လာသည်။ ဒေသတွင်း သတင်းမီဒီယာများ က ဦးစွာ ဝေဖန်ထောက်ပြခဲ့သည်။ နောက်ဆုံး တနင်္သာရီတိုင်းဒေသကြီး  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက လွှတ်တော်တွင် မေးမြန်းသည့် အချိန်တွင် တိုင်းသိပြည်သိ ဖြစ်သွားသည်။

ယင်းအချိန်ထိ ၀န်ကြီးချုပ်နှင့် GGS တာဝန်ရှိသူများမှာ သပွတ်အူကို ဖြည်ထုတ်ရန် မကြိုးစားခဲ့ကြပါ။

ယခု တရားစွဲ ဖမ်းဆီးခံရထားရသော GGS ၏ ဒါရိုက်တာ ဦးအောင်မြတ်က ထားဝယ်မြို့တော်ခန်းမတွင် ပြုလုပ်သော GGS အကြွေးကိစ္စ လူထုရှင်းလင်းပွဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုပင် လျှပ်စစ်မီ တာခလာညှိပေးရန် စိန်ခေါ်သည့် စကားပြောခဲ့သည်။ ထားဝယ်ဒေသတွင် လက်ရှိ ကောက်ခံနေသော တစ်ယူနစ် ၂၀၀ ကျပ် ကျသင့်သည့် လျှပ်စစ်မီတာခဖြင့် ကုမ္ပဏီ လည်ပတ်ရန် မကိုက်ဟုဆိုကာ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အကြွေးကိစ္စ မေးခွန်းထုတ်ခဲ့သည့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ကိုလည်း ကိုယ်နှုတ် မယဉ်ကျေးစွာ တုံ့ပြန်ဝေဖန် ပြောဆိုခဲ့သည်။

ထိုမျှအထိ အတင့်ရဲ လုပ်ဆောင် လာခဲ့ခြင်းမှာ ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်တစ်ကိုယ်တည်းနှင့် နီးစပ်မှု အရှိန်သက်သက်ဖြင့် မဟုတ်တန်ရာခဲ့ပါ။

ထိုကြောင့် ပါတီတွင်း အထက် အောက်ဆက်ဆံရေးကိစ္စအပေါ်များစွာ မေးခွန်းထုတ်စရာ ဖြစ်သည်။ ၀န်ကြီးချုပ် ထင်တိုင်းကြဲနေသည့်ကိစ္စကို ပြန်ထိန်း နိုင်သည့် ပါတီတွင်း ယန္တရား မရှိသည်ကိုလည်း ရှင်းရှင်းလင်းလင်း တွေ့ရသည်။

သာ၍ဆိုးသည်မှာ ၀န်ကြီးချုပ်နှင့် GGS ကုမ္ပဏီသည် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၏ အခန်းကဏ္ဍ မျက်ကွယ်ပြုပြီး ထင်ရာလုပ်ခွင့် ရှိခဲ့ခြင်းဖြစ်သည်။

GGS ကုမ္ပဏီကို လုပ်ပိုင်ခွင့်ချ ပေးပြီးနောက် တိုင်းဒေသကြီး လွှတ်တော်က ကြားနာပွဲ ပြုလုပ်ခဲ့သော်လည်း ယခု ဖမ်းဆီးခံထားရသော ကုမ္ပဏီ အဓိက တာဝန်ရှိသူများ မတက်ရောက်ခဲ့ပေ။ GGS ကုမ္ပဏီတာဝန်ခံဟု လက်မှတ်ထိုး သူများသာ တက်ရောက်ခဲ့ပြီး ယင်းတာ ၀န်ခံများအနက် တစ်ဦးမှာ တနင်္သာရီ တိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ၏ သားမက်ဖြစ်သူ ဖြစ်သည်။ ဆိုလိုရင်းမှာ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၏ သားမက် ဖြစ်သူမှာ GGS ကုမ္ပဏီတွင် ၀င်ရောက် လုပ်ကိုင်နေခြင်း ဖြစ်သည်။

ယင်းအပြင် GGS ကုမ္ပဏီက ဆောင်ရွက်နေသည့် သရက်ချောင်း ငါးလေလံဈေးတည်ဆောက်မှု အစီရင်ခံစာ တင်ပြရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရက မလိုက်နာခဲ့ပေ။

ထိုကြောင့် ထင်ရှားသည်မှာ တိုင်းဒေသကြီး လွှတ်တော်၏ အထိန်းအကျောင်းကိုလည်း လက်သင့်မခံခဲ့ဘဲ တနင်္သာရီတိုင်းဒေသကြီး အစိုးရက မထီမဲ့မြင် ပြုခဲ့သည်။

အာဏာရပါတီအနေနှင့် ဒီမိုကရေစီစနစ်ကိုသာ အမှန်တကယ်ယုံကြည်ပါက ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ် ရေးမဏ္ဍိုင်ဖြစ်သော အစိုးရတို့ အပြန်အလှန်ထိန်းကျောင်းမှုကို အားပေးထိန်းသိမ်းရမည် ဖြစ်သည်။ သို့သော် တိုင်းအစိုးရက လွှတ်တော်၏အထိန်းအကျောင်းကို လက်သင့်မခံဘဲ ပေယျာလကန်ပြုခဲ့သည်။

ပို၍ အံ့သြဖွယ်ကောင်းသည်မှာ ပါတီတာဝန်ရှိ ခေါင်းဆောင်အချို့ကလည်း ယင်းသို့ ဖြစ်ပျက်နေသည်ကို မသိချင်ဟန်ဆောင် ပြုခဲ့ကြသည်။

အကယ်၍ ထိုကိစ္စကို အမှန်တကယ် မသိခဲ့ပါဆိုပါက ပါတီ၏ ပြည်သူ့ဆက်သွယ်ရေးလမ်းကြောင်းပုံစံကို မေးခွန်း ထုတ်ဖွယ်ရာပင် ဖြစ်သည်။ မည်သို့သော သူများထံမှ စကားများကို မည်သို့နားထောင်နေသနည်း၊ လူထုအသံကို နားထောင်ရန် မည်သို့သော စနစ်ချထား သနည်းဟု မေးခွန်းထုတ်ရတော့မည် ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် တာဝန်ရှိသူများမှာ နောက်ဆုံးတွင် သမ္မတထံ အစီရင်ခံစာတင်တိုင်တန်းရသည့်အနေအထား ဖြစ်သွားခဲ့သည်။ ယင်းမှာ တိုင်းဒေသကြီးလွှတ်တော်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ လက်အောက်တွင် ရှိနေသကဲ့သို့ ဖြစ်သွားခဲ့ပြီး ဒီမိုကရေစီနှင့် ပြည်ထောင်စုစနစ်၏ အလေ့အထကို ပျက်ယွင်းသွားစေခဲ့သည်။

၂ နှစ်ကျော်ကာလအတွင်း အောက်ခြေတွင် မြင်မကောင်း၊ ရှုမကောင်းကိစ္စများ ဖြစ်ပျက်နေသော်လည်း ပါတီ ဗဟိုက ထိန်းကျောင်းနိုင်ခြင်းမရှိသည့်အပြင် ပို၍ဆိုးလာသည်။

နေပြည်တော်မှ တာဝန်ရှိသူအချို့ကလည်း အောက်ခြေတွင် အမှန်တကယ် ဖြစ်ပျက်နေသည်များကို တိတိကျကျသိရှိပုံ မရပေ။ အောက်ခြေတွင် ဖြစ်ပျက် နေသည်များကိုလည်း အချိန်မနှောင်းမီ သိနိုင်သည့် ဆက်ဆံရေးလမ်းကြောင်းများ ဖွင့်ထားပုံမရပေ။ သတင်းမီဒီယာ များ၏ အသံ၊ လူထု၏ အသံကို မည်သို့ နားထောင်ခဲ့သည်ကိုလည်း မေးခွန်းထုတ်စရာပင် ဖြစ်သည်။

နောက်ဆုံးတွင် ဖုံးမရ၊ ဖိမရ  အကုန်ပေါ်တော့မှ အရေးမယူ၍ မရ သည့်အခြေအနေ ဖြစ်သွားခဲ့ပုံရသည်။

နိုင်ငံရေး သက်တမ်းခပ်နုနု ဆရာဝန် တစ်ဦး တစ်မုဟုတ်ချင်း ၀န်ကြီးချုပ် ဖြစ်လာသည်။ ထိုနောက် နှစ်ပိုင်းအတွင်း စည်းဘောင်လွတ် လုပ်ရဲကိုင်ရဲရှိလာအောင် မည်သူတို့က မည်ကဲ့သို့ မွမ်းမံ သွန်သင်အခါတော်ပေးခဲ့သည်၊ မည်သည့် အတွင်းဝန်းကျင်စနစ်ဆိုးက ဖျက်ဆီးခဲ့သည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။

အချို့ကတော့ တနင်္သာရီတိုင်း ၀န်ကြီးချုပ်ကိစ္စမှာ ခုတ်ပစ်လိုက်ရသည့် အပင်တစ်ပင်ကိစ္စဟု ပြောကြလိမ့်မည်။ သို့သော် ထိုအပင်ကို ထိုမျှကြီးမားခိုင်မာလာပြီး လူသိထင်ရှား ဖြစ်လာသည်အထိ ဖြစ်လာစေခဲ့သော ရေခံမြေခံ စနစ်၊ ဘေးပန်းအခြေအနေတို့ကိုလည်း ကြည့်ရန်လိုသည်။

စနစ်ဆိုးသည် လူကောင်းကိုပင် ဖျက်ဆီးတတ်သည် မဟုတ်ပါ၏လော။

ရှင်းရှင်းဆိုရသော် တနင်္သာရီတိုင်းဝန်ကြီးချုပ်ကိစ္စသည် လူတစ်ဦးချင်း  မကောင်းမှုပြဿနာ မဟုတ်ပါ။ သူတစ်ဦးတည်း မကောင်းမှုပြဿနာလည်း မဟုတ်ပါ။ စနစ်ပြဿနာလည်း ဖြစ်သည်။

ပါတီတွင်း စနစ်ပြဿနာလည်း ဖြစ်သလို၊ နေပြည်တော်နှင့် ပြည်နယ်။တိုင်းဒေသကြီး အစိုးရတို့ အကြားတည် ဆောက်ထားသော စနစ်ပြဿနာ၊ ဆက်ဆံရေးလမ်းကြောင်း ပြဿနာလည်း ဖြစ်သည်။

အခါမလပ် ကြီးကြပ်ထိန်းကျောင်း ရမည့်စနစ်တည်ဆောက်ခြင်းကို လျစ်လျူရှုပြီး လူ-လူချင်း ဆက်ဆံရေးစနစ်ကို ဦးတည်ထားလွန်းသော ပြဿနာဖြစ်သည်။

ယင်းကိစ္စအတွက် စနစ်ဆောက်ရန် တာဝန်ရှိသူများအားလုံး တာဝန်ယူရပါလိမ့်မည်။

သို့သော် လက်ရှိတွင် နေပြည်တော်မှ အမျက်တော်ရှ အပြစ်ပေးခံရသူမှာတော့ လေးပစ်သူ ဘုရားကျွန်တော်မျိုးမ တစ်ဦးတည်း ဖြစ်လေသည်။

ခွန်းသု