ပညာရေးဌာနများ ပြည်ထောင်စုဖောင့် စသုံးရန် ညွှန်ကြား

0
929

ပညာရေးဌာနများ အားလုံးကို မတ်လ ၁၅ ရက်မှစတင်ပြီး ကွန်ပြူ တာတွင် မြန်မာစာဖောင့် အမျိုးအစား အသစ်ဖြစ်သည့် ပြည်ထောင်စုဖောင့် ( Pyidaungsu Font) ကို စတင်အသုံးပြုရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြား ထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ယခင်က အစိုးရဌာနဆိုင်ရာများကို ကွန်ပြူတာဖြင့် ရုံးစာများရေးသားပါက မြန်မာ ၃ ဖောင့် (Myanmar 3 Font) ကို အသုံးပြုနေရာမှ ပြည်ထောင်စုဖောင့်ကို အသုံးပြုရန် ပညာရေးဌာနအား လုံးကို ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

“ဒီဖောင့်က ပညာရေးဌာနမှာဆို အခြေခံပညာကျောင်းတွေကနေ တက္ကသိုလ်တွေအထိ သုံးရတော့မှာ။ မြန်မာ ၃ သုံးနေတဲ့သူတွေအတွက်တော့ အခက်ခဲမရှိဘူး” ဟု တိုင်းပညာရေးမှူး ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး (စီမံ) ဒေါ်မိုးမိုးအေးက ဆိုသည်။

ပြည်ထောင်စုဖောင့်ဆိုသည်မှာ ယူနီကုဒ်ဖောင့်ကို အခြေခံထားပြီး မြန်မာ ၃ ဖောင့်ကို အဆင့်မြှင့်တင်ထား သည့် ဖောင့်အမျိုးအစားဖြစ်ကြောင်း ထားဝယ်မြို့မှ နည်းပညာသမားတစ်ဦး ဖြစ်သူ ကိုကွန်းဇော်က ပြောသည်။

“ရန်ကုန်ကွန်ကွန်ပျူတာပညာရှင်များအသင်းက ပြောနေတဲ့စကားအရ ပြည်ထောင်စုဖောင့်က နောက်ဆိုရင် မြန်မာပြည်မှာ လူတိုင်းအသုံးပြုရမယ့် ဖောင့်ဖြစ်လာမှာ”ဟု ကိုကွန်းဇော်က ဆိုသည်။

ပြည်ထောင်စုဖောင့်တွင် အားသာချက်တစ်ခုမှာ တိုင်းရင်သားဘာသာ စကားများကိုပါ ရေးသားနိုင်ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

ဇော်ဂျီလက်ကွက်ကို အသုံးပြုပြီး စာရိုက်နေသူများအတွက်မူ ပြည်ထောင်စုဖောင့်ကို အသုံးပြုမည်ဆိုပါက အခက် အခဲရှိမည်ဖြစ်ကြောင်း ကိုကွန်းဇော်က ပြောသည်။

ယင်းပြည်ထောင်စုဖောင့်ကို စတင်အသုံးပြုရန် တိုင်းအတွင်း ပညာရေးဌာနများကိုသာ ညွှန်ကြားထားပြီး  ကျန်အစိုးရဌာန ဆိုင်ရာ အချို့တွင်မူ လတ်တလော ညွှန်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။

ပြည်ထောင်စုဖောင့်ကို အသုံးပြု လိုသူများအနေဖြင့် www.unicode.today တွင် ဒေါင်းလုပ်ဆွဲနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန ညွှန်ကြားစာတွင် ဖော်ပြထားသည်။

Dawei Watch